ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ မြန်မာနိုင်ငံဘက်ကို စက်သုံးဆီ တင်ပို့ရောင်းချခြင်း မပြုလုပ်ရန် ခရိုင်အုပ်ချုပ်ရေးမှူး ချီမလားရှီဗားကိုပလ်ရတ်ဒီက ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။

လောက်တလိုင်ခရိုင်တွင် ယခုရက်ပိုင်းတွင်း တရားမဝင် စက်သုံးဆီရောင်းဝယ်မူ ပိုများလာသည့်အတွက် ပြည်သူများ ဒုက္ခမရောက်ရှိအောင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းဆိုသည်။

ထို့အပြင် လောင်တလိုင်ခရိုင်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အစိုးရသတ်မှတ်ပေးထားသည့် စျေးနှုန်းထက် စျေးမြင့်ပြီး မှောင်ခိုစျေးကွက်ဖြင့် မရောင်းချရန်၊ ပြည်သူများအနေဖြင့်လည်း လိုတာထက်ပိုပြီး ဝယ်ယူခြင်းမပြုလုပ်ရန်၊ စက်သုံးဆီများကို အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် တစ်ခြားမည်သည့်နိုင်ငံကိုမှ မရောင်းချရန်နှင့် လောင်တလိုင်ခရိုင်က စက်သုံးဆီများ တရားမဝင်ရောင်းဝယ် တင်ဆောင်ခြင်းများ မပြုလုပ်ကြရန်လည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ နှစ်လအထိ အကျူံးဝင်မည်ဖြစ်ပြီး ၎င်းထုတ်ပြန်ချက်အမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို ပုဒ်မ ( ၂၂၃ ) Bharrativa Navava Sanbiata, 2023 (BNS) အရ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ နှစ်နိုင်ငံဒေသခံများ နားလည်မူဖြင့် ဆက်သွယ်ထားသည့် ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေးလမ်းကြောင်းမှ မြန်မာပြည်ကို ဓာတ်ဆီ၊ ဒီဇယ်ဆီ အဓိကတင်သွင်းသည့် လမ်းကြောင်းများကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က လောက်တလိုင်ခရိုင် ဒေသအဖွဲ့စည်းက ပိတ်ထားခဲ့သည်။

အဆိုပါ လမ်းကြောင်း ပိတ်ထားသော်လည်း မြန်မာကုန်သည်အများစုက မှောင်ခိုလမ်းဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ဝယ်ယူတင်သွင်းနေသောကြောင့် နှစ်နိုင်ငံနယ်စပ်တွင် လောက်တလိုင်ခရိုင် ဒေသတွင်း လူငယ်အဖွဲ့စည်း(CYLA)မှ လုံခြုံရေးတင်းကြပ်ထားပြီး ​စောင့်ကြည်မူများ ပြုလုပ်နေကြောင်း သိရသည်။

“အခု CYLA က ကားတွေကို အဓိကစစ်တာ ဓာတ်ဆီ၊ ဒီဇယ်တွေပေါ့။ တခြားကုန်ပစ္စည်းတွေကို အဲ့လောက်မစစ်ဘူး။ သယ်လို့ရတဲ့ အခြေနေမျိုးမှာရှိပါတယ်။ ဒါပေမယ့် မြန်မာကုန်သည်တွေက အဲ့ဒီ လမ်းကြောင်းကနေ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေဘဲ အဓိက ဝယ်ယူတင်သွင်းတာဖြစ်တယ်။ အဲ့ဒါကို မီဇိုရမ်ဘက်က ပိတ်ထားတယ်။ အဲ့ဒီအတွက် မြန်မာကုန်သည်တွေက ဒီဇယ်၊ဓာတ်ဆီတွေကို မှောင်ခိုလမ်းနဲ့ တင်သွင်းကြတယ်။ အခုဆို မီဇိုရမ်ဘက်လုံခြုံရေးတွေ တင်းကြပ်တယ်။ ဖမ်းဆီးမူတွေလုပ်တယ်။ နေရာအနှံမှာ သူတိုလူတွေ ကင်းချထားတယ်။ လုံးဝသယ်ဆောင်ခွင့်မပေးတဲ့သဘောပါ။”ဟု ပလက်ဝ-လောက်တလိုင် လမ်းကြောင်းတွင် ယာဥ်မောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇူလိုင် ၁၅ ရက်နေ့ကလည်း မြန်မာပြည်ဘက်ကို တင်ပို့မည့် ယာဥ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ဒီဇယ်ဆီပီပါ ၁၉ လုံးကို လောက်တလိုင်ခရိုင်တွင်း CYLA အဖွဲ့က ဖမ်းဆီးပြီး ယာဥ်နှင့် လူကို ပြန်လွတ်ပေးခဲ့သော်လည်း ဒီဇယ်ဆီကို သိမ်းဆည်းထားကြောင်း သိရသည်။

#မီဇိုရမ်ပြည်နယ် #လောက်တလိုင်ခရိုင် #မြန်မာပြည် #စက်သုံးဆီ #မရောင်းချရန် #ခရိုင်အုပ်ချုပ်ရေးမှူး #အမိန့်ထုတ် ##Ayeyarwaddy_Times