
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇူလိုင် ၁၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာမှ ပဲခူး ရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် သာယာဝတီ ခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃ ၊ တပ်ခွဲ-၂၊ တပ်ရင်း-၃၈၀၃ (Myanmar Defense Force) တို့ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁နာရီ၃၀မိနစ် ဝန်းကျင်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆားချောင်းကျေးရွာလယ်ကွင်းများဘက်မှ ပဲခူးရိုးမအတွင်းသို့ တက်လာသည့် အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါများ ဖြင့်စောင့်ကြိုပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်တပ်သား ငါး ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ၎င်းတို့ ဆုတ်ခွာရာလမ်းတွင် ထပ်မံသေဆုံး၍ ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
“ဆားချောင်းရွာဘက်ကနေ လယ်ကွင်းထဲကနေ ရိုးမပေါ် တက်လာတာကို ကျွန်တော်တို့ တွေ လက်နက်ကြီးတွေ စနိုက်ဘာတွေနဲ့စောင့်ပြီး ပစ်ပါတယ်။ အဲ့ဒီမှာ စကစ (စစ်ကောင်စီတပ်သား) ငါးယောက်နေရာတင်သေတယ်။ နှစ်ယောက်ကတော့ သူတို့တွေ တပ်စွဲထားတဲ့ ငလှစမ်း ဘုန်းကြီးကျောင်းကို ဆိုင်ကယ်နဲ့သယ်ရင်း လမ်းတင်သေသွား ပါတယ်။ ဒဏ်ရာရသူတွေကိုလည်း လိုက်ထရပ် ဘော်ဒီအရှည်တစ်စီးနဲ့ အပြည့်ကို အဲ့ဒီဘုန်းကြီးကျောင်းပဲ ပြန်သယ်သွားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလှစမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် အဆိုပါစစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာခဲ့သည့်အတွက် ဆားချောင်းကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းကာ အဖိုးတန် ပစ္စည်းများ ယူဆောင်သွားပြီး နေအိမ်အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဆားချောင်းရွာခံတွေက တိုက်ပွဲမဖြစ်ခင် တိမ်းရှောင်နေကြတာ ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်ပြီးမှ အိမ်တွေကို စကစ(စစ်ကောင်စီ)တွေ မီးရှို့တာ။ ဒေသခံတွေ တချို့က တိုက်ပွဲ ထပ်ဖြစ်လာမှာ ကြောက်လို့ တောထဲမှာ တဲထိုးနေကြတယ်။ တချို့ကတော့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေဆီမှာနေကြတယ်။ အခုတော့ ဆားချောင်းရွာ တစ်ရွာလုံး လူမရှိ တော့ဘူး” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ ခမရ-၅၃၄ တပ်ရင်းအလံ တစ် ခု၊ 79mm ကျည်ခွံများနှင့် စစ်သုံးဖိနပ် တစ်ရံတို့ကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆသည့်နေရာများကို ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးရိုးမအတွင်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေသည့်အပြင် တိုက်ပွဲများဆက်လက် ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များကို တက်နိုင်သမျှရှောင်ရှားကြရန် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃ က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၃
#မင်းလှ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #သေဆုံး #ဒေသခံနေအိမ်များ #မီးရှို့ #တိုက်ပွဲ #Ayeyarwaddy_Times