ဆောင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၁၂) တွင် ပြည်သူစစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သည့် သင်တန်းသားများ အားလုံး ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရ၍ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တစ်ဦး ကပ္ပလီပင်လယ်၀အတွင်းခုန်ချ၍ သတ်သေသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပလောက်မြို့ရှိ တကက-၁၂တွင်စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သည့် အဆိုပါတပ်သားသစ်သည် သင်တန်းပြီးဆုံးသည်နှင့် ရှေတန်းသို့ စေလွှတ်ခြင်း ခံရသောကြောင့် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က ကပ္ပလီပင်လယ်၀အတွင်း ခုန်ချ၍ အဆုံးစီရင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလောက်မြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၁၂ ) ရှိ အမှတ်စဥ် (၁) ပြည်သူ့ စစ်မှုထမ်းသင်တန်းကို သင်တန်းသား ၂၃၆ ဦး စစ်သင်တန်းတက်ရောက်ခဲ့ပြီး တပ်သားသစ်များ အားလုံးကို ဇူလိုင်ဒုတိယပတ်တွင် ရှေ့တန်းသို့ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

” အမှတ်စဥ် (၁) တန်းသားတွေကို သင်တန်းဆင်းပြီး သိပ်မကြာဘူး။ စာထွက်လာပြီး အကုန်ရှေ့တန်းပို့လိုက်တာ။ သင်္ဘောက ကမ်းမကပ်ဘူး။ စက်လှေနဲ့ ပင်လယ်ဝကို အကြို အပို့လုပ်ရတာ။ ထားဝယ်အကျော်မှာ ကပ္ပလီပင်လယ်၀ထဲ ခုန်ဆင်းပြီး သတ်သေ သွားတာလို့ ကျွန်တော်တို့သိရတယ်။ သင်တန်းသားတွေအားလုံး ရန်ကုန်ပို့ပြီးမှ ရန်ကုန်ကနေတစ်ဆင့် အခြားနေရာတွေလွှတ်ဖို့ စီမံခန့်ခွဲရမှာ” ဟု တကက-၁၂ မှ စစ်ကောင်စီတပ် အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပလောက်မြို့ တကက-၁၂ တွင် အမှတ်စဉ်(၁) ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသားများသည် ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့တွင် အမှတ်စဉ် (၁) သင်တန်းဆင်းခဲ့ခြင်းဖြစ်ပြီး ထိုသို့သင်တန်းဆင်းပြီးနောက် စစ်ကောင်စီတပ်၏ ညွှန်ကြားစာထွက်ရှိကာ ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

“တပ်သားသစ်တွေကို ဖုန်းပေးမသုံးသေးတာ၊ ဘယ်တပ်ကိုသွားရမယ် ဆိုတာ မပြောတာ။ နောက် မိဘတွေနဲ့အဆက်အသွယ်လုပ်မရတာကြောင့်ပါမယ်။ ဖုန်းတွေကို သိမ်းထားပေမယ့် တချို့ဖုန်းနှစ်လုံးပါတဲ့ သူတွေကတော့ အိမ်နဲ့အဆက်သွယ် လုပ်လို့ ရတယ်။ တချို့ကြတော့ ဘယ်တပ်ကိုသွားရမယ်ဆိုတာ သိရပြီး လမ်းမှာထွက်ပြေး ကြတာပေါ့” ဟု တကက-၁၂ ရှိ အဆိုပါ အရာရှိက ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားစာတွင် သင်တန်းကျောင်း အသီးသီးမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်း ပြီးဆုံးသည့် ပြည်သူ့စစ်မှုထမ်းများကို အမည်နှင့်ယှဉ်တွဲပါ တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ခြေလျင်တပ်မဟာ (တမဟ) ၊ ခြေမြန်တပ်မဌာနချုပ် (တမခ) ကွပ်ကဲမှုအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း များထံ ခွဲဝေပြောင်း ရွှေ့ရမည်ဖြစ်ကြောင်းပါရှိသည်။

စစ်ကောင်စီက ခွဲဝေပို့ဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁) သင်တန်းသား များမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကွပ်ကဲမှုအောက်ရှိ ခြေလျင်/ခြေမြန် တပ်အတွက် ၄၇၆ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) သို့ ၁၆၆ ဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)သို့ ၁၀၀ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ၁၆၁ဦး တို့ဖြစ်သည်။

ထို့ပြင် ဒကစ(လွိုင်ကော်) ကွပ်ကဲမှုအောက်သို့ ၄၈၄ဦး ၊ ဒကစ(စစ်တွေ) သို့ ၄၀၀ဦး၊ ဒကစ(ကလေး) သို့ ၄၉၉ဦး၊ စကခ-၇ ကွပ်ကဲမှုအောက်သို့ ၃၅၉ဦး၊ စကခ-၁၂ သို့ ၃၅၆ဦး၊ စကခ-၁၉ သို့ ၃၄၂ ဦး၊ တမဟ-၄ ကွပ်ကဲမှုအောက်သို့ ၉၂ ဦး၊ တမခ-၁၀၁ ကွပ်ကဲမှုအောက်သို့ ၁၈၀ဦး၊ စကခ-၅ ကွပ်ကဲမှုအောက် ၁၂၀ဦး၊ စကခ-၁၀ သို့ ၁၂၀ ဦး၊ ကရခ ကွပ်ကဲမှုအောက်သို့ ၄၂၂ ဦး စသည့် သင်တန်းဆင် ပြည်သူ့စစ်မှုထမ်းများကို ပေးပို့ရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည့်သူစစ်မှုထမ်း အမှတ်စဥ် (၁) သင်တန်း ဆင်းများအားလုံးကို ရှေ့တန်းသို့ ပို့ဆောင်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၂)သည် လာမည့် သြဂုတ်လဆန်းတွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ- ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများ

#ပလောက်မြို့ #တတက၁၂ #ရှေ့တန်းပို့ #ပြည်သူ့စစ်မှုထမ်း #ပင်လယ်အတွင်းခုန်ချ #အဆုံးစီရင် #Ayeyarwaddy_Times