
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာလုပ်သားတွေအတွက် CI ကတ် ထုတ်ပေးတဲ့ ရုံး ၇ ခု ပိတ်ထားမှုကြောင့် လုပ်အားအမြတ်ထုတ်တာနဲ့ အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့ အထောက်အထားရရှိဖို့ ခက်ခဲလာစေမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ပသွန်သာနီ၊ နာခွန်ဆာဝမ်၊ ဆမွတ်ပရာကန်၊ ချွန်ဘူရီ၊ ဆူရတ်သာနီ၊ ဆောင်ခလာရှိ CI စင်တာ တွေ ယာယီ ပိတ်ထားဖို့နဲ့ ဆမွတ်ဆာခွန်ရှိ စင်တာတစ်ခုကိုသာ ဖွင့်ထားဖို့ အလုပ်အကိုင်ဦးစီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
“စာအုပ်စိမ်း” လို့ လူသိများတဲ့ CI ဆိုတာ မြန်မာနိုင်ငံသား အထောက်အထားဖြစ်သလို မြန်မာ ရွှေ့ပြောင်းတွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုပါတယ်။
စစ်ကောင်စီ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် CI ထုတ်ပေးရေးစင်တာတွေကို ပိတ်သိမ်းခဲ့ တာလို့ ရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့ (MWG) မှ စီဝါဝမ်ဆွတ်တာဝီးက ပြောပါတယ်။
မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားရရှိဖို့ လိုအပ်တဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက်က အနည်းငယ်သာရှိတာကြောင့် CI စင်တာတစ်ခုသာ ဖွင့်လှစ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့တာပါ။
အခြားပြည်နယ်မှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက CI အထောက်အထားရရှိဖို့ ဆမွတ် ဆာခွန်သို့ လာရောက်ရမှာဖြစ်လို့ လုပ်သားတွေအတွက် အခက်အခဲတွေဖြစ်စေမယ်လို့ စီဝါဝမ်ဆွတ်တာ ဝီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းနဲ့ ဒုက္ခသည် ၁ ဒသမ ၅ သန်းခန့်ရှိနိုင်ရာ CI စင်တာတစ်ခုတည်းနဲ့ ဝန်ဆောင်မှုဆောင်ရွက်ပေးဖို့ အခက်အခဲတွေရှိမယ်လို့ သူက ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံမှာ နေထိုင်၊ လုပ်ကိုင်ခွင့်ပြုဖို့ မိခင်တိုင်းပြည်မှ နိုင်ငံသားဖြစ် ကြောင်း အသိအမှတ်ပြုမှု မလိုအပ်ဘဲ CI ကတ် ထုတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက စဉ်းစားရမယ်လို့ ၎င်းက ထောက်ပြပါတယ်။
ဥပမာ ထိုင်းအစိုးရဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အထောက်အထားမဲ့လုပ်သားတွေကို အာဏာပိုင်တွေထံ သတင်းပို့ဖို့နဲ့ ရွှေ့ပြောင်းဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ ပန်းရောင်ကတ် လျှောက် ထားခွင့်ပြုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Prachatai
Ref; CSO concerned about increased exploitation after CI centres closure
#Ayeyarwaddy_Times