
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ရက်
ရှမ်းမြောက်၊ မိုးမိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းများမှ စွန့်ခွာထွက်ပြေးပြီး မြို့ပြင်ရှိတပ်စခန်းများထံ သွားရောက်ပူးပေါင်းနေကြောင်း သိရသည်။
မိုးမိတ်မြို့တွင်းရှိ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်နေ့မှစတင်၍ မိုးမိတ်မြို့ပြင်ရှိ စကခ- ၂၁၊ ခလရ- ၂၂၃၊ ခလရ -၂၇၆ တပ်ရင်းများထံသွားရောက်ပူးပေါင်းခဲ့ကြောင်း မိုးမိတ်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“၁၄ရက်နေ့ အထိ မိုးမိတ်က ခလရ ၂၇၆တို့ ၊ ၂၂၃တို့နားမှာ တိုက်ပွဲဖြစ်တယ် မြို့တွင်းမှာတော့ စစ်တပ်ကမရှိတော့ဘူး။ ဒေသခံတွေလည်း အကုန်နီးပါး စစ်ရှောင်သွားကြပါပြီ။ အပြင်ကတပ်စခန်းတွေမှာ မြို့ထဲက တပ်တွေသွားပူးပေါင်း နေတယ်လို့သိရပါတယ်” ဟု မိုးမိတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တအာင်း တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် (TNLA) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ NUG လက်အောက်ရှိ MOD PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အတူ တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA နှင့် PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းTNLAက ထုတ်ပြန်သည်။
PLA နှင့် TNLA ပူးပေါင်းတပ်တို့သည် ပြီးခဲ့သည့် ဇွန် ၃၀ရက်နေ့ကတည်းက မိုးမိတ်- တွင်းငယ်လမ်းကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက မိုးမိတ်မြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ဖြတ်တောက် ထားကြောင်း သိရသည်။
#မိုးမိတ် #စစ်ကောင်စီ #စခန်းစွန့်ခွmပြေး #မြို့ပြင်ရှိစခန်း #သွားရောက်ပူးပေါင်း #Ayeyarwaddy_Times