
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ကိုးကန့်တပ်မတော် (MNDAA)က ၄ ရက်တာ ယာယီအပစ်အခတ်ရပ်စဲထားပြီးနောက် စစ်ကောင် စီသည် လားရှိုးမြို့တွင် ခံစစ်ပြင်ရန်အတွက် သိန်းနှင့်ချီသည့် ဆာလာအိတ် ခွံများကို လေယာဉ်နှင့်တင်ပို့နေကြောင်း သိရသည်။
စစ်ကောင်စီက လားရှိုးကို ဆာလာအိတ်သိန်းချီနှင့် စစ်ကူအင်အားရာချီကို လေယာဉ်နှင့် တင်ပို့ခဲ့ကြောင်းကို ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“မနေ့ကပို့တယ်လို့ သတင်းကြားတယ်။ ဒီမနက်တော့ အတည်ပြုနိုင်သွားတယ်။ ဆာလာ အိတ်တွေထဲ သဲနဲ့ ကျောက်စရစ်တွေထည့်ပြီး ဘန်ကာတွေဆောက်ခိုင်း ဖို့ဖြစ်မယ်။ ဆာလာအိတ်သိန်းချီဆိုတော့ အပစ်ရပ်ထားတဲ့ ၄ ရက်အတွင်း အပြင်းအထန် ခံစစ်ပြင်မယ့်ပုံပဲ။ စစ်ကူလည်း ရာချီပို့ပြီး လားရှိုးမြို့ထဲ တပ်ဖြန့်ထားမယ်ကြားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
MNDAA က တစ်ဖက်သတ်အပစ်ရပ်စဲထားသည့် ကာလတွင် စစ်ကောင်စီက ဘန်ကာများ၊ ကတုတ် ကျင်းများတူး၍ စစ်အင်အားကိုပါ တိုးချဲ့ကာ လားရှိုး မြို့အတွင်း ခံစစ်ပြင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက လားရှိုးမြို့ပေါ်တွင် တိုက်ပွဲအရှိန်လျော့ပါးနေစဉ်အတွင်း မြို့တွင်းရှိ ၎င်းတပ်စခန်းများသို့ လက်နက်နှင့် ရိက္ခာအချို့ကိုလည်း လေထီးအသုံးပြု၍ ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆာလာအိတ်သိန်းချီနှင့် လက်နက်ရိက္ခာများကို ရှေ့မြောက်တိုင်းစစ် ဌာနချုပ်အတွင်းနှင့် မူဆယ် မြို့သို့ပါ စစ်ကောင်စီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
MNDAA က တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ကွန်မြူနစ်ပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ မည့် ဇူလိုင် ၁၅ ရက်မတိုင်ခင် ၁၄ ရက်နေ့ည ၁၂ နာရီမှစ၍ ဇူလိုင် ၁၈ ရက်နေ့ ည ၁၂ နာရီအထိ တစ်ဖက် သတ်အပစ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။
MNDAA က ယင်းသို့ အပစ်ရပ်စဲကြောင်းကြေညာပြီး တိုက်ပွဲအရှိန် လျော့ပါးနေချိန်တွင် စစ်ကောင်စီက လားရှိုးမြို့တွင် ယခုကဲ့သို့ ခံစစ်ပြင်ဆင်လာခြင်းဖြစ်သည်။
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ဆာလာအိတ် #သိန်းချီ #ပို့ဆောင် #ခံစစ်ပြင်
#Ayeyarwaddy_Times