
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးမှ ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ် အရာရှိများကို ကမ်းထိုးရေယာဉ်များဖြင့် သယ်ထုတ်နေကြကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိရာ ယမန်နေ့ ဇူလိုင် ၁၅ရက်နေ့က နခခ -၅ မြို့သူကြီးမှ ဒဏ်ရာရ အရာရှိများကို စစ်ကောင်စီက ကမ်းထိုးရေယာဉ်များဖြင့်ကယ်ထုတ်သွားကြောင်း သိရသည်။
“ဒဏ်ရာရသူတွေတွေအတော်များတယ်ကြားထားတယ်။ အရာရှိတွေကို အရင်ဆုံး ကယ်ထုတ်နေတယ်။ စစ်တွေဆေးရုံပို့မယ်ထင်တယ်။ ကုန်းလမ်းကို တပ်တော်က ပိတ်ဆို့ထားတော့ ရေလမ်းကနေသယ်ထုတ်နေကြတယ်” ဟု မောင်တောဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA) က မောင်တော နခခ ၅ မြို့သူကြီးကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီမှ စစ်ကူပို့နိုင်သည့် လမ်းကြောင်းများ ကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၅ရက်နေ့ကလည်း မောတောမြို့ရှိ ကညင်ချောင်းစီးပွားရေးဇုန်မှ စစ်ကောင်စီတပ်သားများကို AAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးကြကြောင်း သိရသည်။
စစ်ကောင်စီသည် သိမ်းပိုက်ထိန်းချုပ်ခံလိုက်ရသည့် ကညင်ချောင်း စီးပွားရေးဇုန်နှင့် ရွှေဇားရွာတို့ကို ယမန်နေ့ ဇူလိုင် ၁၅ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရွှေဇားကျေးရွာ အုပ်စုဘက်ကို ဗုံးကြဲတယ်။ ဗုံးအလုံးရေအတော်များတယ်။ ကညင်ချောင်းဇုန်ဘက်ကိုလည်း ကြဲတယ်။ ရွှေဇားက ဟိုရက်တွေထဲက မီးဝင်ရှို့ တာတွေလည်းလုပ်ထားတော့ ရှောင်နေတဲ့သူတွေတော့များပါတယ်။ ဒါပေမယ့် မူဆလင်ရွာတွေကို ညက အဓိကလာကြဲချသွားတယ်။ အထိအခိုက်အနာတရ ဘယ်လောက် ရှိတယ်တော့ မသိရဘူး” ဟု မောင်တောဒေသခံကပြောသည်။
လက်ရှိတွင် မောင်တော၌တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက ပိတ်မိနေဆဲ ဖြစ်သည့် ဒေသခံအချို့ကို မြို့ပြင်သို့ပေးမထွက်ဘဲ ဓားစာခံပြုလုပ်ထားကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီ၏ ကမ်းထိုးရေယာဉ်အားတွေ့ရစဉ် (ပုံဟောင်း)
#မောင်တော #နခခ၅မြို့သူကြီး #စစ်ကောင်စီ #ဒဏ်ရာရ #အရာရှိများ #ကမ်းထိုးရေယာဉ် #ကယ်ထုတ် #Ayeyarwaddy_Times