
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ အစုအဖွဲ့၏ ခရီးစဉ်သည် မြန်မာ့ပြည်တွင်းရေးတွင် ထူးခြားလာဖွယ်မရှိဘဲ ပိုးလမ်းမနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ပြတိုက်တို့ကို တရုတ်ဘက်က ပြသသွားရန်ရှိကြောင်း နီးစပ်သူထံက သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ၊ ဦးစိုင်းအိုက်ပေါင်း၏ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့သည် မကြာမီတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံရေးပါတီ အစုအဖွဲ့တွေကို ဖိတ်ပြီးတော့ ပိုးလမ်းမနဲ့ ပတ်သက်တဲ့ ပြတိုက်တို့၊ နောက်ပြီး ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းတွေ လုပ်တဲ့ပြတိုက်တို့ အဲဒါတွေပြဖို့ စဉ်းစားထားတယ်။ ပြဖို့ စီစဉ်ထားတယ်လို့ ကြားတယ်။ ဒါတွေက လုပ်ရိုးလုပ်စဉ်ပါပဲ” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်တို့သည် လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ယူနန်မြို့ရှိ တိုင်းရင်းသား ကျေးရွာများနှင့် တောင်အာရှ Exopo ပြပွဲသို့လည်း တက်ရောက်ရန်ရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယင်းတရုတ် ခရီးစဉ်နှင့် ပတ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ တရုတ်နိုင်ငံအနေဖြင့် တစ်ချိန်က အစိုးရချင်း ဆက်ဆံရေးမှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်လာပြီးနောက်ပိုင်း ပြည်သူချင်း ဆက်ဆံရေး၊ အလွှာစုံ ဆက်ဆံရေးအား ပုံစံပြောင်းလာသည်ကို သတိထားမိကြောင်း စစ်တပ်ထောက်ခံ မီဒီယာတစ်ခုတွင် ဖြေဆိုထားပြီး ဧရာဝတီတိုင်းမ် သတင်းဌာနက၏ မေးမြန်းမှုကိုမူ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ထို့အပြင် ၎င်းတို့နှင့်လည်း ပါတီစထောင်ကတည်းက တရုတ်ကွန်မြူနစ်ပါတီနှင့် ပါတီချင်း ဆက်ဆံရေးရှိနေကာ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွင် ပါတီချင်း ဆက်ဆံရေးအနေဖြင့် ဖိတ်ခြင်းဖြစ်ပြီး ပါတီချင်း ဆက်ဆံရေးပေါ် မူတည်၍ နိုင်ငံချင်း ဆက်ဆံရေး၌လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက်ကို အခြေခံ ဆွေးနွေးခွင့်ရလျှင် ဆွေးနွေးမည်ဟု စဉ်းစားထားကြောင်း ဦးကိုကိုကြီးက ဆိုသည်။
“အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူတွေ လုံခြုံမှုမရှိ၊ ထိတ်ထိတ်လန့်လန့်ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်အစိုးရဘက်ကို ရှင်းပြ၊ ပြောပြဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက စစ်တပ်ထောက်ခံ မီဒီယာတစ်ခုကို ပြောသည်။
အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အဆိုပါတရုတ် ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ တည်ဆောက်ပုံ၊ ကျေးလက်ပါတီများ၏ အခြေအနေနှင့် တိုင်းရင်းသားများ၏ စီးပွားရေး အခန်းကဏ္ဍများကို သွားရောက်လေ့လာရန်ရှိကြောင်း စစ်တပ်ထောက်ခံ မီဒီယာတစ်ခုအား ဖြေဆိုထား၍ ဧရာဝတီတိုင်းမ် သတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။
တရုတ်အစိုးရအနေဖြင့် မြန်မာပြည် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်မည်ဆိုလျှင် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် ဆွေးနွေးရန်လိုပြီး ထိုလုပ်ငန်းစဉ်အောက်တွင် စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ အစုအဖွဲ့များကို ဖိတ်ကြားခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဆိုသည်။
“တရုတ်အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အားလုံးစုပြီး တတ်နိုင်သမျှ အဲဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူကြိုးစားနေတာ ဖြစ်တာကိုး။ အဓိက မြန်မာပြည် ဘယ်လိုငြိမ်းချမ်းအောင် လုပ်မလဲ၊ စီးပွားရေး ဘယ်လိုတည့်အောင် လုပ်မလဲဆိုတာ သူလေ့လာနေတာပဲ ဖြစ်တယ်။ ဘာမှတော့ သိပ်ထူးထူးခြားခြားတော့ ဖြစ်လာဦးမယ် မထင်ဘူး“ ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီ အစုအဖွဲ့ ပေါ်ပေါက်လာခြင်းမှာ လက်ရှိ စစ်ကောင်စီက ပြုလုပ်ရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ မတိုင်ခင် နှစ်ဖက်ကြိုတင် သဘောတူညီချက်များ ရရှိထားရန် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများက တိုက်တွန်းပြောဆိုခဲ့ရာမှ (၄၇) ပါတီမှ ကိုယ်စားလှယ်များဖြင့် အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း ဖြစ်တည်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့၏ အလုပ်အဖွဲ့ကိုမူ ပါတီ ၁၆ ပါတီမှ အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထား၍ ယင်းအနက်မှ ဦးဆောင်ပါတီများအဖြစ် ပါတီ လေး ပါတီက အဖွဲ့ခေါင်းဆောင် လေးဦးကို ရွေးချယ်ခဲ့ရာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ဖြစ်ပြီး ၎င်းတို့အနေဖြင့် အလှည့်ကျ ဦးဆောင်၍ စစ်ကောင်စီ၏ NSPNC၊ အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#တရုတ် #နိုင်ငံရေးပါတီအစုအဖွဲ့ #ပိုးလမ်းမ #ဆင်းရဲမှုပပျောက်ရေးဆိုင်ရာပြတိုက် #ပြသမည် #Ayeyarwaddy_Times