
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ဧရာဝတီတိုင်းရှိ ငဝန်မြစ်နှင့် တိုးမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ် ၃၈ ပေရောက်ရှိနေကာ လာမည့်တစ်ရက်အတွင်း ပေဝက် (၆ လက်မ) ခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်ကျော်လွန်မည်ဖြစ်ကြောင်းသိရသည်။
တိုးမြစ်ရေသည် မအူပင်မြို့နယ်တွင် စိုးရိမ်ရေမှတ် ၇၂၀ စင်တီမီတာဖြစ်ပြီး လာမည့်တစ်ရက်အတွင်း ယင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ကြောင်းသိရသည်။
ထို့ပြင် ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် လာမည့် ၁ ရက် အတွင်း စိုးရိမ်ရေမှတ်အထက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဧရာဝတီတိုင်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်၊ လေးမျက်နှာ၊ ဟင်္သာတ နှင့် ပုသိမ်မြို့သို့ ရောက်ရှိပြီး ပန်းလှိုင်မြစ်၊ ဧရာဝတီမြစ်၊ ငဝန်မြစ် တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများနှင့် ရပ်နားထားသော ဘူတာလမ်းကြောင်းများကို စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ငဝန်မြစ် ပုသိမ်ကမ်းနားလမ်းမြင်ကွင်း
#ဧရာဝတီတိုင်းရှိ #ငဝန်မြစ် #တိုးမြစ် #ရေကြီး #စိုးရိမ်ရေမှတ်ရောက်နိုင် #Ayeyarwaddy_Times