ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှ ရန်ကုန်မြို့သို့ ထိုင်းကုန်စည်ပစ္စည်းများပါဝင်သော ကုန်သေတ္တာ ၅၈ လုံးတင်သင်္ဘောသည် ဇူလိုင် ၁၃ ရက်နေ့တွင် စတင်ထွက်ခွာ လာကြောင်း သိရသည်။

အဆိုပါသင်္ဘောပေါ် ပါရှိပစ္စည်းများကို နယ်စပ်ကုန်သွယ်မှု စစ်ဆေးကြီးကြပ်ရေးအဖွဲ့ (OSS) က စစ်ဆေးပြီး ပေ ၂၀ ကုန်သေတ္တာ ၅၆ လုံး၊ ပေ ၄၀ ကုန်သေတ္တာနှစ်လုံးဖြင့် စုစုပေါင်း ၅၈ လုံး ပါရှိကြောင်းသိရသည်။

MV. BEYPORE SULTAN (VOY-24001) သင်္ဘောသည် ဇူလိုင် ၁၀ ရက်နေ့၊ Mawlamyine Century Logistics Co., Ltd (MCL)၏ ပထမသင်္ဘော (MCL 4 ) ဇူလိုင် ၁၂ ရက်နေ့တွင် ရနောင်းမှ သွင်းကုန်များတင်ဆောင်ပြီး ကော့သောင်းမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာလာခြင်းဖြစ်သည်။

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ရေလမ်းကြောင်းစနစ်ဖြင့် လက်ရှိတွင် ကုမ္ပဏီ နှစ်ခုပိုင် သင်္ဘောသုံးစီးဖြင့် ရန်ကုန်-ကော့သောင်း- ရနောင်း နှင့် ရနောင်း – ကော့သောင်း – ရန်ကုန် အသွား၊အပြန်ကုန်တင်နေကြောင်းသိရသည်။

” ကုန်သည်ကတော့ ကုန်လမ်းကြောင်းပဲကြိုက်တာ။ ရေလမ်းကြောင်းကနေ အကြာကြီး လည်းသွားရတယ်။ ကုန်ကျစရိတ်လည်းပိုကုန်တယ်။ ကွန်တင်နာအပိုင်ရှိသူတွေ ဆိုရင်တော့ မဆိုးဘူး။ ကွန်တင်နာ ငှားသုံးရမယ်ဆိုရင် စရိတ်စကကြီးတော့မလွယ်ဘူး ” ဟု ကုန်သွယ်ရေးလုပ်ငန်းလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ငို ပြောသည်။

မြန်မာ-ထိုင်း ကုန်သွယ်မှုကို ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုစနစ် စတင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားပြီး Gold Shipping Agency Services Limited ၏ ပထမသင်္ဘောဖြစ်သော MV. BEYPORE SULTAN (VOY-24001)၊ Mawlamyine Century Logistics Co., Ltd (MCL)၏ ပထမသင်္ဘော (MCL 4 ) နှင့် ဒုတိယသင်္ဘော (MCL9) တို့ဖြင့်ကုန်သွယ်နေခြင်းဖြစ်သည်။

အဆိုပါ ကုန်သွယ်မှုနည်းလမ်းဖြင့် ပို့ကုန်လိုင်စင် ၁၅ စောင်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ သန်း နှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၆ သန်း ခွင့်ပြုထားပြီးဖြစ်ကြောင်း စစ်ကေကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံက သိရသည်။

ရန်ကုန်မြို့ TMT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့၊ သန့်စင်ပြီး ခဲသတ္တုနှင့် အဝတ်အထည်များကို ထိုင်းနိုင်ငံသို့ တင်ဆောင်သွားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှနေ၍ အချိုရည်ဗူးများနှင့် လျှပ်စစ် ပစ္စည်းအချို့ အခြား အိမ်းသုံးပစ္စည်းအချို့ သယ်ဆောင်လာကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကော့သောင်း #ရန်ကုန် #သင်္ဘောရေကြောင်းလမ်း #ကုန်တင် #Ayeyarwaddy_Times