
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းဇူလိုင်လ ၁၂ရက်နေ့မှ စတင်ပြီးလျှပ်စစ်မီးများ ဖြတ်တောက်ထားသောကြောင့် ဒေသခံပြည်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသည်။
ပုသိမ်မြို့နယ်အတွင်း တစ်နေ့လျှင် လျှပ်စစ်မီး ရရှိချိန် ငါးနာရီခန့်သာရှိပြီး မီးပျက်သည့်အချိန်က များနေကြောင်း ဒေသခံများက ပြောသည်။
“ခုလပိုင်းမှာမီးပျက်တာက တော်တော်ဆိုးနေပြီ မနက်ကျောင်းချိန် အလုပ်ချိန်အချိန်ဆိုမလာဘူး။ တစ်နေ့ခင်းလုံးပျက်နေတာ ညဉ့်နက်မှလာတယ် မနက်၄နာရီလောက်ဆိုပျက်ရော”ဟုပုသိမ်မြို့ခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့နယ်လျှပ်စစ်ဌာနမှ မနက် ၆နာရီမှ ည၇နာရီထိ မီးပျက်မည်ဟု ကြေငြာထားသော်လည်း မီးလာချိန် ပုံမှန်မရှိခြင်း၊ မီးရရှိချိန်တွင်လည်း မီးအားနည်းမှုများကြောင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင် သူများ အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင်ပုသိမ်ခရိုင်အတွင်း ဓါတ်အားလိုင်းများ ပြန်လည်တည်ဆောက် ခြင်းပြုလုပ်နေသည့်အတွက် လေးရက်ခန့် လျှပ်စစ်မီးများပြတ်တောက်မည်ဟု လျှပ်စစ်ဌာနမှ ထုတ်ပြန်ထားသော်လည်း ယခင်လများအတွင်းကလည်း လျှပ်စစ်မီးပုံမှန်ရရှိတာမျိုးမရှိကြောင်းဒေသခံများကပြောသည်။
“EPC က တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတယ် အရင်တုန်းကမီးကိုအလှည့်နဲ့ပေးတယ် ဆိုပြီး ပုံမှန်ပေးတာမှ မဟုတ်တာ။ လာခြင်တဲ့အချိန်လာ ပျက်ခြင်တဲ့အချိန်ပျက်ရတာ လျှပ်စစ်နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေဆို မီးစက်၀ယ်နိုင်ရင်၀ယ် မ၀ယ်နိုင်ရင်တော့ ရပ်နားထားရတာပဲ ဆီဈေးကလည်းကြီးတော့ ဒုက္ခရောက်တယ်”ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့နယ်တွင် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိသော်လည်းမီတာခ ကို ပုံမှန်လာရောကောက်ယူပြီး မီတာခ မဆောင်ပဲထားသည့် နေအိမ်များမှမီတာများကို ဖြုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
#ပုသိမ်မြို့ #လျှပ်စစ်မီး #နေ့စဥ်ပျက်နေသောကြောင့် #ပြည်သူများအခက်ကြုံ #Ayeyarwaddy_Times