
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
အထက်ပိုင်းကစီးဆင်းလာသည့် ဧရာဝတီမြစ်ရေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ရောက်လာပြီး ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်တို့တွင် လာမည့်တစ်ရက်အတွင်း တစ်ပေခန့်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန်သည်။
လက်ရှိဆိပ်သာမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် နှစ်ပေကျော်လွန်နေကာ တစ်ရက်အတွင်း တစ်ပေထပ်မံမြင့်တက်နိုင်သဖြင့် စိုးရိမ်ရေမှတ်အထက် သုံးပေကျော်လွန်နေမည်ဖြစ်သည်။
ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် တစ်ပေကျော်လွန်နေကာ တစ်ရက်အတွင်း တစ်ပေ ထပ်မံမြင့်နိုင်သဖြင့် စိုးရိမ်ရေမှတ်ထက် နှစ်ပေကျော်လွန်နေမည်ဖြစ်သည်။
ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၃၈ ပေထိရောက်ရှိနေပြီး တစ်ရက်အတွင်း တစ်ပေထပ်မံမြင့် နိုင်သဖြင့် စိုးရိမ်ရေမှတ်ထက် တစ်ပေ ကျော်လွန်နေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နယ်များရှိ မြေနိမ့်ပိုင်းတွင်နေထိုင်သူများနှင့် မြစ်ကမ်းဘေးနားနေထိုင်သူများ အထူးသတိပြုရမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်လပိုင်း၌ ဟင်္သာတမြို့နယ်အတွင်းရှိ ဖောင်ဆိပ်ရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသဖြင့် ဘုန်ကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရသည်။
စစ်ကောင်စီသည် ဖောင်ဆိပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါကရွေ့ပြောင်းနေထိုင်ရန်အတွက် ဘတ်ဂျက် ကျပ်ငွေ ၂၆၈ သန်းအသုံးပြုကာ လူဦးရေ ၅၀၀ ဆံ့ School Cum Shelter ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – MOI
ပုံစာ – မြစ်ကမ်းပြိုကျခဲ့သည့်ဖောင်ဆိပ်ရွာမြင်ကွင်း
#ဧရာဝတီမြစ်ရေ #မြစ်ဝကျွန်းပေါ်ဒေသ #ဆိပ်သာ #ဟင်္သာတ #ဇလွန်မြို့နယ် #Ayeyarwaddy_Times