
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ကျပ်ငွေရှားပါးနေသောစစ်ကောင်စီသည် ငွေစက္ကူသစ်ရိုက်ထုတ်ပြီးနောက် ငွေသား ထုတ်ယူမှုကို ကန့်သတ်ထားသည့် ဘဏ်များတွင် ကျပ်သိန်းရာနှင့်ချီ၍ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ဘဏ်ဝန်ဆောင်မှုယူသူများထံက ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် သိရသည်။
တစ်ပတ်ကျော်ကြာ ငွေသားထုတ်ယူမှုကန့်သတ်ခဲ့သည့် ပုဂ္ဂလိက ဘဏ်အချို့တွင် ဘဏ်အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း ၂၀၀ မှ ၅၀၀ ထိထုတ်ယူနိုင်ပြီး ကုမ္ပဏီ ငွေစာရင်းများက ကျပ် သိန်း ၁၀၀၀ အထိထုတ်ယူနိုင်ကာ ငွေကြေးထုတ်ယူရသည့် အကြောင်းအရင်းရေးသားရကြောင်းသိရသည်။
“ ကိုယ့်ငွေအပ်ပြီးတော့ ကိုယ်ငွေနဲ့ကိုယ်ပိုက်ဆံထုတ်တာကို ဘာလုပ်မယ်ဆိုတာပြောနေ ရသေးတယ်။ သောကြာနေ့က ထုတ်တော့ တစ်သောင်းတန်အသစ်ကျပ်ချွတ် တွေ ရလာတယ်။ ဒီနေ့ထုတ်တော့လည်း တစ်သောင်းအသစ်တွေ စီးရီးလိုက်ပဲ” ဟု ဘဏ်ငွေထုတ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းသုံးစွဲမှုများသော ဘဏ်များ၏ လူမှုကွန်ရက်စာမျက်နှာတွင် ATM/CRM ငွေထုတ်စက်များမှတဆင့် ငွေသားထုတ်ယူခြင်း၊ ပေးသွင်းခြင်းများပြုလုပ်နိုင်ကြောင်း AYA ဘဏ် နှင့် CB ဘဏ်တို့က ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာတွင်ကြေညာထားသည်။
မြန်မာပြည်အနှံ့တွင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ထားသော ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်ကမူ ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန် ထားခြင်းမရှိပေ။
စစ်ကောင်စီက လိုအပ်နေသည့် ကျပ်ငွေကို ပိုက်ဆံရိုက်ထုတ်လိုက်သဖြင့် ငွေကြေး ဖောင်းပွမှုနှုန်းပို၍ မြင့်တက်နိုင်မည်ဖြစ်ကာ ပြည်သူလူထုအပ်ငွေများစေရန်အတွက် ဘဏ်တိုးနှုန်းမြင့်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း ငွေကြေးမူဝါဒရေးရာနားလည်သူ တစ်ဦးက ဆိုသည်။
ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A Bank) တွင် စာရင်းသေအပ်ငွေ အစီစဉ်သစ်အဖြစ် ၄၅ ရက် စာရင်းသေအပ်ငွေစာရင်းအသစ်ဖွင့်ပါက အတိုးနှုန်း ၉ ဒဿမ ၄၀ ရာခိုင်နှုန်းရမည်ဖြစ်ပြီး အနည်းဆုံးကျပ် သိန်း ၁၀၀ မှ စတင် အပ်နှံရမည်ဖြစ်ကြောင်းကြေညာထားသည်။
ငွေသားထုတ်ယူမှု ကန့်သတ်ထား၍ ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ယနေ့တွင်မူ ကန်တစ်ဒေါ်လာလျှင် ၄၈၂၀ ကျပ်သို့ ပြန်လည်ကျဆင်းလာသည်။
စစ်ကောင်စီလက်ကအောက်ခံ မြန်မာနိုင်ငံတော်ဗဟိုက ဘဏ်များ၏ ငွေသွင်း/ ငွေထုတ်ငွေ အခြေအနေများကို နေ့စဉ်စောင့်ကြည့်နေပြီး ထိန်းကျောင်းနေကြောင်း ပြောကြားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်း၊ လူမှုကွန်ရက်
#ငွေစက္ကူသစ်ရိုက် #ဗဟိုဘဏ် #ငွေသားထုတ်ယူနိုင် #ATM ငွေထုတ်နိုင်#Ayeyarwaddy_Times