ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ဖလမ်းမြို့နယ်တို့တွင် ဆိုင်ကယ်တစ်စီးကို အမျိုးသား နှစ်ဦးလိုက်ပါ စီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုကြောင်း ဒေသန္တရအမိန့်ကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များကို ချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြုလုပ်သောကြောင့် ယခုကဲ့သို့ ကန့်သတ်တားမြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ အမျိုးသားများကို ဆိုင်ကယ်စီးနင်းခွင့် တင်းကြပ်ထားပြီးနောက် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းခြင်း ရှိမရှိ ကင်းလှည့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“သူတို့ အဲဲ့ဒီ တရားဝင်စာ ထုတ်ပြန်တဲ့နေ့ကစလို့ မြို့ထဲ စစ်ဆေးတယ်။ အမျိုးသား နှစ်ယောက် ဆိုင်ကယ်စီးတာတွေ့ရှိရင် ရိုက်နှက်တယ်။ ပါးရိုက်တယ်။ ပြီးခဲ့တဲ့ရက်ကဆို သေနတ်နဲ့ ပစ်တာတွေတောင်လုပ်တယ်။ တော်သေးတယ် လူတွေမထိသွားလို့။ ထွက်ပြေးတာ မြန်သွားလို့။ မြို့ထဲလည်း စစ်သားတွေ တစ်ရက်ထက် တစ်ရက်ရှုပ်ရှက်ခက်နေတယ်” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အဆိုပါ ထုတ်ပြန်ချက်မထုတ်ခင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ဖလမ်းမြို့ အထက(၁)နှင့် အထက(၃) ကျောင်းရှေ့တွင် ရပ်နားထားသည့် ကျောင်းဆရာ/မများနှင့် ကျောင်းသားတို့၏ ဆိုင်ကယ် (၁၄)စီးကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ သိမ်းယူသွားကြောင်း သိရသည်။

“Non CDM ကျောင်းဆရာ၊ဆရာမတွေကို အပြစ်ပေးတဲ့အနေနဲ့ သူတို့ရဲ့ ဆိုင်ကယ်တွေကို ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။ ကျောင်းသား ဆိုင်ကယ် လေးစီးကိုတော့ ပြန်ပေးပါတယ်။ ဖလမ်းမှာလည်း ပစ်ခတ်မူ၊ ထိတွေမူက အမြဲလိုလိုပါဘဲ”ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ယခုထုတ်ပြန်လိုက်သည့် အမိန့်သည် ဇူလိုင်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဉပဒေဖြင့် အရေးယူမည်ဟု ဆိုသည်။

#ဟားခါးမြို့#ဖလမ်းမြို့နယ်#စစ်ကောင်စီ#အမျိုးသားများ #ဆိုင်ကယ်စီးနင်းခွင့် #ကန့်သတ်ထား#
#Ayeyarwaddy_Times