ဧရာဝတီတိုင်းမ်
(ရွှေဘို)၊ ဇူလိုင် ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ် ပျူစောထီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး အနီးအနားရှိ ပျူ‌စောထီးရွာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း 96 Soldiers – PDF ထံက သိရသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ရှိသည့် ကူးတို့ဆိပ်ရွာ စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့၊ နံနက် ၆ နာရီ ဝန်းကျက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ခြောက် နာရီကျော်ကြာမြင့်ကာ ကူးတို့ဆိပ်စခန်း အနီးရှိ ဆင်အင်းစခန်းမှ တပ်ကူများရောက်လာသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရသည်။

ထို့နောက် ဇူလိုင် ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် PDFပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး ကူးတို့ဆိပ်ရွာအတွင်းမှ စစ်ကောင်စီတပ် ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“စခန်းက အတော်တိုက်ရခက်ခဲပါတယ်၊။ အခုတစ်ကြိမ်ပါနဲ့ဆိုရင် တိုက်တာ ၉ ကြိမ်ရှိပါပြီ။ ခု တစ်ကြိမ်တိုက်တာမှ အောင်မြင်တယ်လို့ ပြောရပါမယ်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတယ်။ နောက်ပြီး သူတို့ အထိုင်စခန်းလဲ ရလိုက်တာမို့ပါ။ နောက် 96 Soldiers – PDF ကနေ တခြားမဟာမိတ်အဖွဲ့ တွေပါ ဖိတ်ခေါ်ခဲ့လို့ အဖွဲ့အင်အား ပိုပြီးတောင့်တင်းလို့ အောင်မြင်စွာ သိမ်းပိုက်မိတာပါ။ ပူပေါင်းအား ကောင်းလို့ ဝမ်းသာတယ်” ဟု ဂဠုန်တပ်တော် ဆရာတော် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကူးတို့ဆိပ်ရွာ စစ်ကောင်စီစခန်းသိမ်းပိုက်ခံရမှုကြောင့် ဆင်အင်းရွာ၊ မြင်းစီးရွာ စသည့် ပျူ‌စောထီးရွာများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ဘီလုံးပျူရွာရှိ စစ်ကောင်စီစခန်းတွင် စုပေါင်းနေနေကြကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် 96 Soldiers – PDF(အညာဒေသ)မှ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး Frghter one တပ်ဖွဲ့မှ ရဲဘော်သုံး ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ကူးတို့ဆိပ်ပျူ‌စောထီးရွာ စခန်းသိမ်းတိုက်ခိုက်မှုကို 96 Soldiers – PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့I Shwebo FederaL Army၊ Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့၊ CAF(Civil Armed force) တပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – 96 Soldiers – PDF၊ KLG PDF
#ရွှေဘို #ကူးတို့ဆိပ်ပျူရွာ #စစ်ကောင်စီစခန်း #စခန်းသိမ်းတိုက်ခိုက် #PDF #Ayeyarwaddy_Times