ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး မြစ်ကမ်းဘေးနေအိမ်တချို့ ရေနစ်မြုပ်သဖြင့် အိမ်ထောင်စု ၅၀ ကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မြစ်ရေများမြင့်တက်ကာ နေအိမ်များအတွင်းဝင်ရောက်လာသဖြင့် မြန်အောင်မြို့ ရွှေဘုံသာဘုရားတွင် မိသားစု ၃၂ စု၊ မကျည်းစုဘုန်းတော်ကြီးကျောင်းတွင် မိသားစု ၂၄ စု ရှောင်တိမ်းခိုလှုံနေကြောင်း မြို့ခံများထံက သိရသည်။

“မြစ်ရေက သိသိသာသာကို တက်လာတော့ မြစ်ကမ်းဘေး၊ တာဘေးကအိမ်တွေ မြုပ်ကုန်တာ။လောလောဆယ် ရွှေဘုံသာဘုရားနဲ့ မကျည်းစုဘုန်းကြီးကျောင်းမှာ ရေဘေးဒုက္ခသည်မိသားစုတွေ နေနေရတယ်။ ရေကဒီနေ့လည်း ထပ်တက်လာတော့ ရေဘေးသင့်မိသားစုတွေ ထပ်များလာမယ့်အခြေအနေ ဖြစ်နေတယ်”ဟု မြန်အောင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်အောင်မြို့ ၏မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၆၈ ပေဖြစ်ပြီး ယမန်နေ့တိုင်းထွာချက်အရ မြစ်ရေမှာ ၆၈ ပေ ၄ လက်မသို့ ရောက်ရှိနေကြောင်း၊ ယနေ့ ရေထပ်တက်သဖြင့် စိုးရိမ်ရေမှတ် ပိုများလာနေကြောင်း မြို့ခံများက ဆိုသည်။

ရေဘေးသင့်မိသားစုများကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက မိသားစုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားစီ ထောက်ပံ့ထားကြောင်း သိရသည်။

ထို့ပြင် အထက်ပိုင်းမှ စီးဆင်းလာသည့် ဧရာဝတီမြစ်ရေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ရောက်လာပြီး ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်တို့တွင် လာမည့်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်သည်။

ဓာတ်ပုံ-Anonymous participant
#မြန်အောင် #ဧရာ၀တီမြစ်ရေ #ရေဘေးသင့် #Ayeyarwaddy_Times