ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် လေးမိုင်အကွာရှိ ကညင်ချောင်း စီးပွားရေးဇုန်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ကညင်ချောင်းစီးပွားရေးဇုန်တွင် တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇူလိုင် ၁၄ရက် ညနေပိုင်းတွင် စခန်း စွန့်ခွာထွက်ပြေးသွားကြသည့် အတွက် အဆိုပါ စီးပွားရေးဇုန်ကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် AAက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“မနေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်သားတွေ ဆိပ်ကမ်းဇုန်ကနေခွာကုန်တယ်။ အရင်က အင်အားများတယ်။ သံတွဲကိုပါ စစ်ကူပို့နေရတော့ ဇုန်ထဲ အင်အားသိပ်မရှိဘူး။ ၁၀၀ကျော် ၂၀၀လောက်တော့ရှိမယ်။ ဒီနေ့မနက်တော့ တပ်တော်က စီးပွားရေးဇုန်ကို ထိန်းလိုက်ပြီ ကြားတယ်” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိက စီးပွားရေးကူးသန်းဆက်သွယ်ရာ နေရာဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော သံတွဲသို့ ရေကြောင်းမှနေ၍ စစ်ကူပို့နေသော နေရာဖြစ်သည်။

လက်ရှိတွင် AA အနေဖြင့် မောင်တောတွင် တစ်ခုတည်းသာကျန်ရှိတော့သော စစ်ကောင်စီ၏ နခခ-၅ မြို့သူကြီးကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့တွင်း အဝင်အထွက်တံတားအချို့ကို မိုင်းခွဲဖျက်ဆီး၍ ချိုးချထားပြီး မြို့တွင်းလမ်းများတွင်လည်း မိုင်းများထောင်ထားသည့်အတွက် ပြည်သူများအနေဖြင်​့ မိုင်းအန္တရာယ် သတိထားကြရန် AA က သတိပေး ချက်ထုတ်ပြန်ထားသည်။

#မောင်တော #ကညင်ချောင်းစီးပွားရေးဇုန် #စစ်ကောင်စီ #စခန်းစွန့်ခွါပြေး #AA #ထိန်းချုပ် #Ayeyarwaddy_Times