ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲပြင်းထန်လျက်ရှိရာ AA၏ ထိုးစစ်ကို မခုခံနိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လှေများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ပြေးရာ ဘင်္ဂလားဒေ့ရှ်က လက်မခံသည့်အတွက် နတ်မြစ်အတွင်း မျောနေကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၄ရက်နေ့က မောင်တောနယ်စပ်မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာရှပူရီကျွန်းနယ်စပ်နင့် တက္ကနာ ဇာလီယာပါရာသင်္ဘောဆိပ်သို့ ကမ်းကပ်ရန်ကြိုးစားခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ကျော်ပါ လှေလေးစီးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်များက အဝင်မခံဘဲ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းမှာ လှေ နှစ်စီးနဲ့ တပ်သား ၄၀လောက်ပါတဲ့အဖွဲ့ရယ်၊ ညနေ ၅နာရီမှာ တပ်သား ၃၀ပါတဲ့လှေနှစ်စီးရယ် ကမ်းကပ်ပြီး ဘင်္ဂလားထဲဝင်ဖို့ကြိုးစားတာ ကမ်းခြေစောင့်တပ်တွေက အဝင်မခံဘဲမောင်းထုတ်လို့ နတ်မြစ်ထဲဒီတိုင်းမျောနေတယ်လို့ သိထားပါတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်နေ့က နယ်စပ်ဖြတ်ကျော်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ဦး၊ဇူလိုင် ၁၀ရက်နှင့် ၁၁ရက်နေ့များက ဝင်ရောက်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်များက ကယ်ဆယ်ပြီး လက်နက်ဖြုတ်သိမ်းကာ ဒေါင်ဒိုမီယာန် BGBစခန်းအနီး ထိန်းသိမ်းထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ကျော်မှာ လှေလေးစီးဖြင့် နတ်မြစ်ထဲမျောပါနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ရန်သာ ကြိုးစားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်နေ့က မောင်တောမှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀နှင့် ဧပြီ ၂၅ရက်က ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ယောက်တို့ကို မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဉ်းသားများဖြင့် လဲလှယ်၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လွှဲပြောင်းပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ရက်က မကျည်းချောင်း နယ်ခြားစောင့်စခန်းကို AAကသိမ်းပိုက်ခဲ့ရာ အဆိုပါစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ ၃၀ကျော် လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးကြောင်း AAက ထုတ်ပြန်ပြောဆိုထားသည်။

မောင်တောတိုက်ပွဲများတွင် AA၏ထိုးစစ်ကို မခုခံနိုင်ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လည်ခေါ်ယူပြီး မောင်တောတိုက်ပွဲနှင့် သံတွဲတိုက်ပွဲများတွင် ပြန်လည်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ပုံစာ- ဘင်္ဂလား​ဒေ့ရှ်က ​မောင်းထုတ်လိုက်၍ မြစ်ထဲ​မျော​နေသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ

#မောင်တော #စစ်ကောင်စီ #တပ်ဖွဲဝင်၇၀ကျော် #လှေ #ဘင်္ဂလားဒေ့ရှ် #ဝင်ပြေး #နတ်မြစ် #Ayeyarwaddy_Times