ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှနေ၍ စက်သေနတ်များဖြင့် ပစ်ခတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့လယ်ကို ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်း မှနေ၍ စက်သေနတ် များဖြင့် ပတ်ခတ်ပြီး ဗုံးများကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့လယ်ရှိ ဝှမ်ကျားလိဝှာ ဟိုတယ်နှင့် ဖူလီလိုက်ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးက နှစ်ခါလာကြဲတာ။ ဟိုတယ်တွေနဲ့ အဆောက် အအုံတော်တော်များထိတယ်။ မနက် ၂ နာရီ လူအိပ် နေချိန်ဆိုတော့ စက်သေနတ်နဲ့ပစ်ရာမှာ လူထိခိုက်တာ မရှိပေမယ့် ဗုံးကြဲလို့ အဆောက်အအုံတွေပျက်ကုန်တော့ ထိခိုက်မှုရှိနိုင်တယ်။ အတိအကျမသိရသေးဘူး။အခု မြို့ပေါ်ကလူတွေ စစ်ရှောင်ဖို့လုပ်နေကြတယ်။ အိပ်နေချိန်ကြီး ဗုံးလာကြဲတာ ယုတ်ညံ့တဲ့လုပ်ရပ်ပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်စာချုပ်အရ စစ်ကောင်စီက ညီနောင်မဟာမိတ်အဖွဲ့များ သိမ်းထားသည့် မြို့များသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မလုပ်ဆောင်ပါဟု သဘော တူညီခဲ့သည်။
ထိုသို့ သဘောတူညီထားသော်လည်း စစ်ကောင်စီက ရှမ်းမြောက်ရှိ မဟာမိတ် အဖွဲ့သိမ်းပိုက်ထားသည့် မြို့များကို တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ပြီးနောက် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ လားရှိုးမြို့များတွင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှ စတင်၍ စစ်ကောင်စီနှင့်မဟာမိတ်အဖွဲ့များ၏ ထိတွေ့တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။
အဆိုပါရှမ်းမြောက်ရှိ မြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများ နေ့စဉ်ဆိုသလို သိမ်းပိုက်ခံရသည့်အပြင် မန္တလေးတိုင်း၊ မတ္တရာနှင့် စဉ့်ကူးမြို့တို့တွင်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က စစ်ဆင်ရေးများ ဖော်ဆောင်ပြီး စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက် ထားနိုင်ခဲ့သည်။
ထိုသို့ တကျော့ပြန်တိုက်ပွဲတွင် စစ်ရှုံးနေသည့် စစ်ကောင်စီက တရုတ်အစိုးရ ညှိနှိုင်းပေးခဲ့သည့် သဘောတူစာချုပ်ကို အပြီးတိုင်ချိုးဖျက်ကာ စစ်ပွဲဖြစ်ပွားခြင်း မရှိသည့် လောက်ကိုင်မြို့လယ်ကို ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းများကို ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် လုပ်ဆောင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ရှမ်းမြောက် #လောက်ကိုင် #စစ်ကောင်စီ #ဗုံးကြဲ #စက်သေနတ် #ပစ်ခတ် #Ayeyarwaddy_Times