
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် ကိုးကန့် တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ၏ ခလရ ၆၈ ကို သိမ်းပိုက် ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ပြီး အေဒီတံတားအနီးရှိ စစ်ကောင်စီ၏ ခလရ ၆၈ မြို့၏ တောင်ဘက်တွင်ရှိသည့် ခမရ ၅၀၇ တပ်ရင်း၊ လွယ်ပြေတောင် စခန်းတို့တွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်နေတယ်။ မနေ့က စပြီး MNDAA က သူတို့ခန လက်လွှတ်ထားခဲ့တဲ့ ခမရ ၅၀၇ ကိုပြန်တိုက်နေတာ။ တိုက်ပွဲက အတော်ပြင်းထန်တယ်။ ခလရ ၆၈ ကိုတော့ မနက်ကတည်းက သိမ်းမိထားတယ်လို့ သိထားတယ်”ဟု လားရှိုး ဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီ၏ ခမရ ၅၀၇ ကို MNDAA တပ်က သိမ်းပိုက်ထားခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း နှင့် မြေပြင်ထိုးစစ် စစ်ကူများအင်အားဖြည့် တင်းခဲ့သည့်အတွက် MNDAA က စခန်းကိုစွန့်ခွာပေး ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါခမရ ၅၀၇ အပါအဝင် လားရှိူးမြို့ အတွင်းရှိ ကျန်ရှိနေသည့် တပ်ရင်း တပ်ဖွဲ့များကို ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး ထိုးစစ်အရှိန်မြင့် တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ခလရ ၆၈ ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လားရှိုးရှိ တပ်ရင်းတပ်ဖွဲ့များအပြင် ကျောက်မဲအမြောက်တပ်မှ လက်နက်ကြီးများဖြင့် လားရှိုးမြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။
“ဒီနေ့မနက်ကို လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး အလုံး ၂၀ လောက်ကျတယ်။ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာ တွေကို ထိကုန်တယ်။ ဘယ်ဘက်ကပစ်တယ်လို့တော့ ခွဲခြားမသိရဘူး။ မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကတော့ စစ်ရှောင်သွားကြပြီ။ တချို့တဝက်လောက်ပဲ မြို့ထဲ ပိတ်မိကျန်နေတာ”ဟု လားရှိုးဒေသခံက ဆိုသည်။
စစ်ကောင်စီနှင့် MNDAA တပ်ဖွဲ့တို့ လားရှိုးမြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် မြို့အတွင်း နေအိမ်အဆောက်အအုံများ ထိခိုက် ပျက်စီးမှုများပြားပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ နေ့စဉ်လာရောက် ပစ်ခတ် တိုက်ခိုက်နေသည့်အတွက် လားရှိုးမြို့ခံများ မြို့ကိုစွန့်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ညီနောင်မဟာ မိတ်အဖွဲ့ဖြစ်သည့် MNDAA တပ်နှင့် စစ်ကောင်စီတို့ လားရှိုးမြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်ပထမပတ်မှစတင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ်ဆိုသလို လာစရှိုးမြို့ပေါ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကောင်စီ၏ ခလရ ၆၈ မှ သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများ၊ MNDAA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #MNDAA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times