ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကို ထိုးစစ်အနေဖြင့် မပြုလုပ်ဘဲ အပစ်အခတ်ကို ၄ ရက် ယာယီရပ်စဲရမည်ဟု ကိုးကန့်တပ်မတော် MNDAA က ၎င်း၏တပ်ရင်း တပ် ဖွဲ့များကို တားမြစ်မိန့်ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံတွင်ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ၏ စုံညီအစည်းအဝေးပွဲကြောင့် လားရှိုးမြို့တွင် တိုက်ပွဲဖော်ဆောင်နေသည့် MNDAA ၏ တပ်ရင်း တပ်ဖွဲ့များအားလုံး ထိုးစစ်ဆင်နေမှုကို ရောက်ရာနေ ရာတွင် ရပ်တန့်ထားရန် MNDAA က ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် တရုတ်ဘာသာဖြင့် ၎င်း၏တပ်ရင်းတပ်ဖွဲ့များကို ထုတ်ပြန်ထားသည်။

ယာယီအပစ်အခတ်ရပ်စဲမှုကို ယနေ့ ဇူလိုင် ၁၄ ရက်နေ့ ည ၁၂ နာရီမှ စတင်ကာ ၁၈ ရက်နေ့ ညသန်းခေါင်အထိ ရပ်စဲထားမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် စုံညီအစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခံစစ်ပြင်၍ ပြန်လည်တိုက်ခိုက်ရန်နှင့် လတ်တလောသိမ်းပိုက်ရရှိထားသည့် နေရာများတွင်ပင် ခုခံစစ်ပြင်ထားရန် အဆိုပါ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ကိုးကန့်တပ်မတော် MNDAA အနေဖြင့် ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် လားရှိုးမြို့တွင်းရှိ ခလရ ၆၈၊ ခမရ ၅၀၇ နှင့် လွယ်ပြေတောင်တပ်စခန်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့လယ်ကောင်ကို ယနေ့ နံနက် အစောပိုင်း ၂ နာရီအချိန်က လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် လာရောက်ကြဲချသည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် မြို့လယ်ရှိဟိုတယ် နှစ်လုံးနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့သည်။

MNDAA က အပစ်အခတ်ကို ၄ ရက် ယာယီ ရပ်စဲမည်ဟု ထုတ်ပြန်ထားသော်လည်း မည်သည့်ဒေသများတွင် အပစ်အခတ်ရပ်စဲမည်ကိုမူ အတိအကျဖော်ပြထား ခြင်းမရှိပေ။

ဓာတ်ပုံ-MNDAA တပ်ဖွဲ့ဝင်များ
#ကိုးကန့်တပ် #MNDAA #၄ရက် #ယာယီအပစ်အခတ်ရပ်စဲ #Ayeyarwaddy_Times