
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်းပါဝင်နေသည့် သူများကို ပြန်လည်ဖြေလျာ့ပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ခြင်းသည် ၎င်းတို့ စစ်အင်အားနည်းပါးခြင်းကြောင့် ရှေ့တန်းသို့ပို့ဆောင်ရန်နှင့် လွတ်မြောက်နယ်မြေများ၊တော်လှန်ရေးတပ်ဖွဲ့များရှိရာ နေရာများမှ သတင်းအချက်အလက်များကို ရယူလို၍ ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်ကြောင်းလည်း စီဒီအမ်ဝန်ထမ်းများက သုံးသပ်ထားသည်။
“နိုင်ငံရေးအရပြန်ပြီးစည်းရုံးတယ်။ နိုင်ငံရေးအရ ဂုဏ်သိက္ခာပြန်ယူတယ် အဲ့လိုပဲ သုံးသပ်တယ်။ နောက်ပြီး စစ်ရေးအရ အင်အားမရှိတော့ဘူး။ ရှေ့တန်းပို့ချင်တယ်။ အခု ၀င်လာတဲ့လူတွေကို စစ်သင်တန်းပေးပြီးမှ ရှေ့တန်းပို့တာမျိုး။ အထဲမှာ ရှိနေတဲ့ Non CDM တွေကိုတောင်မှ အဲ့လိုလုပ်နေတဲ့အချိန်မှာ CDM လုပ်ပြီးသားလူတွေကိုလည်းတွန့်ဆုတ်နေမှာ မဟုတ်ဘူးဆိုတာ သုံးသပ်ချင်တယ်” ဟု ပညာရေးဝန်ထမ်း စီဒီအမ် ပါမောက္ခတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီက ထိုသို့နိုင်ငံဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာကြသည့်အတွက် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများကြုံ တွေ့နေရကြောင်းနှင့် လုပ်ငန်းခွင်စွန့်ခွာသည့် အ ကြောင်းအရင်းပေါ်မူတည်ပြီး Black Lists စာရင်းပယ်ဖျက် ပေးသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။
“ခုလိုထုတ်ပြန်တာက အရင်ကလည်း နှစ်ကြိမ်ထုတ်ပြန်ခဲ့တာရှိတယ်။ အခုက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးမှ ထုတ်တယ်။ ဝန်ထမ်းတွေက စစ်မှုထမ်းကင်းလွတ်ခွင့် ရတယ်ဆိုပြီး ပါပေမဲ့ စစ်မှုထမ်းလိုက်ရတဲ့ Non CDM တွေရှိတယ်။ ကျောင်းသားတွေလဲရှိတယ်။ အခုလိုပြန် ခေါ်လည်း စီဒီအမ်တွေကတော့ပြန်ဝင်မှာမဟုတ်ဘူး။ သူတို့ဘက်ကထုတ်တယ်ဆိုရင်လလည်း ဂရုစိုက်စရာ မလိုဘူးလို့ပဲထင်တယ်” ဟု စီဒီအမ် အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စီဒီအမ်ပြုလုပ်ထားသည့် ဝန်ထမ်းများအနေဖြင့် လာမည့် ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ ယခင်တာဝန်ထမ်း ဆောင်ခဲ့သည့် ဌာနများသို့စာရင်းပို့ကြရန်လည်း စစ်ကောင်စီက ပြောဆိုထားသည်။
“နောက်ထပ်တခုရှိတာက ဒီလူက ဘယ်နယ်ကိုရောက်နေလဲ။ ဥပမာ ပြည်ပထွက်သွားတယ် သူတို့ လိုက်ပြီးအရေးယူလို့မရတဲ့ လွတ်မြောက်နယ်မြေကိုထွက်သွားတယ်။ ဒီလိုလူမျိုးဆို တမျိုးပေါ့နော်။ အဲ့လိုမဟုတ်ပဲနဲ့ တိုင်းရင်းသားဒေသတွေ PDF တွေကြီးစိုးတဲ့ နေရာတွေထွက်သွားတဲ့ လူတွေပြန်လာတာမျိုးတွေ သူတို့ရဲ့ information(သတင်းအချက်အလက်) တွေရလိုရညားပါတယ်ပေါ့။ ဘယ်သူဦးဆောင်နေတာလဲ ဘယ်သူပါလဲ ဒါမျိုးတွေလျောက်မေးတော့မှာ information ကို တဖက်လှည့်နဲ့ နှိုက်တာ အဲ့လိုမျိုးလည်း ပါမယ်လို့ ယူဆပါတယ်” ဟု စီဒီအမ် ပါမောက္ခက ထပ်မံပြောကြားသည်။
စစ်ကောင်စီက ၎င်းတို့ကိုတော်လှန်ခဲ့သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသူများကို ယခင်က နှစ်ကြိမ်တိုင်ပြန်လည်ခေါ်ယူမှုများ ရှိခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် နိုင်ငံ့ဝန်ထမ်းများကို ထပ်မံပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-အာဏာသိမ်းစစ်ကောင်စီတပ်ကို ထွေအုပ်၊ ပညာရေး၊ ကျမ်းမာရေးဝန်ထမ်းများ ဆန္ဒပြခဲ့ကြစဥ်
#စစ်ကောင်စီ #စီဒီအမ် #ပြန်လည်ခေါ်ယူ #blacklistsပယ်ဖျက် #Ayeyarwaddy_Times