ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၁၄ ရက်)

ကော်ဖီသောက်ခြင်းအလေအထနဲ့ ပတ်သက်ပြီးကျန်းမာရေးအတွက်ကောင်းကျိုးတွေ ရှိနေသလို စိုးရိမ်ရတဲ့ ဆိုးကျိုးတွေလည်းရှိနေပါတယ်။

နေ့စဉ်ဘဝမှာ ကော်ဖီသောက်နေရတာကြောင့် ကော်ဖီသောက်ခြင်းနဲ့ပတ်သက်ပြီး သုသေသနစာတမ်းတွေပြုစုထားကြပါတယ်။ ကော်ဖီကိုစွဲစွဲမြဲမြဲသောက်နေကြသူတွေ၊ ကော်ဖီစွဲလမ်းပြီး နေ့စဉ်သောက်သုံးနေကြသူတွေမှာ ကြုံတွေ့ရတဲ့ ကောင်းကျိုး ဆိုးပြစ်တွေ အကြောင်း အားလုံးစိတ်ဝင်စားကြပါလိမ့်မယ်။

#ကော်ဖီCoffee

ကော်ဖီဖျော်သောက်ခြင်းအလေ့အကျင့်က ၁၅ ရာစုနှစ်မှာ စတင်ခဲ့ပါတယ်။ ယခု‌ဆို ကမ္ဘာပေါ်မှာ လူသားတွေကော်ဖီသောက်သုံးခြင်းက နှစ် ၆၀၀ ကျော် လာခဲ့ပြီဖြစ်ပါတယ်။

ကော်ဖီအစေ့ကို လှော်ပြီး အမှုန့်ဖြစ်စေပြီး အပူပေး ကြိုချက်စစ်ယူပြီး ကော်ဖီကို ပြုလုပ်နိုင်ပါတယ်။ ကော်ဖီပင်အမျိုးအစား ပေါက်ရောက်တဲ့ဒေသ၊ ကော်ဖီစေ့ လှော်တဲ့ နည်းစနစ် ယှဉ်တွဲဖျော်စပ်ခြင်းအတတ်ပညာ အပေါ်မူတည်ပြီး အရသာတွေကွာ ခြားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အသင့်သောက်သုံးကော်ဖီမစ်ထုတ်တွေ ခေတ်စား ကြပါတယ်။

ကော်ဖီမှာ ဦးနှောက်နဲ့အာရုံကြော စနစ်ကိုလှုံ့ဆော်ပေးတဲ့ (Caffeine) ကဖိန်းဓာတ် ပါဝင်နေပါတယ်။ ကော်ဖီသောက်မှ လန်းဆန်းသွားတယ်၊ အလုပ်တွေလုပ်နိုင်တယ် ဆိုတာ ကဖိန်းဓာတ်ရဲ့ လုပ်ဆောင်ပေးမှုကြောင့်ဖြစ်ပါတယ်။

‌ကော်ဖီရဲ့ အက်စစ်ဆန်တဲ့ အာနိသင်ကြောင့် အစာအိမ်နာ ဖြစ်တတ်သလို အစာအိမ်နာ ဖြစ်နေပါကလည်း ပိုဆိုးတတ်ပါတယ်။

ကော်ဖီကြောင့် ရောဂါတွေဖြစ်ရသလို ကော်ဖီကပဲ ရောဂါအချို့ကို ကာကွယ်ပေးနိုင် ပါတယ်။

လေသင်တုန်းဖြတ်ရောဂါ (Parkinson’s disease)၊ ဆီးချိုသွေးချိုရောဂါ (Type 2 diabetes)၊ အသည်းကင်ဆာအပါအဝင် အသည်းရောဂါတွေ နှလုံးရောဂါ နဲ့ လေဖြတ်ရောဂါ စတဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ချေတွေကို လျော့ကျစေပါတယ်။

ကော်ဖီမှာ ကဖိန်းဓာတ်ရဲ့ အာနိသင်ကြောင့် ရုတ်တရက်ယာယီသွေးတိုးခြင်း ကို ခံစားရနိုင်တတ်ပါတယ်။ ကဖိန်းဓာတ်ရဲ့ လှုံ့ဆော်မှုဘေးအန္တရာယ်တွေမှ ကင်းဝေးစေဖို့ ကိုယ်ဝန်ဆောင်အမျိုးသမီး‌တွေ နဲ့ နို့တိုက်မိခင်တွေကတော့ ကော်ဖီကို ရှောင်သင့် ပါတယ်။ ကော်ဖီကြမ်းကို မစစ်ဘဲ သောက်ခြင်းက သွေးတွင်းအဆီ ကိုလက်စထရော များစေခြင်းကို ဖြစ်စေနိုင်ပါတယ်။

သင့်ရဲ့ ကော်ဖီသောက်တဲ့အပေါ်မူတည်ပြီး ရင်ပူခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဂဏှာ မငြိမ်ဖြစ်နေခြင်း၊ အိပ်မပျော်ခြင်းနဲ့ ဆီးမကြာခဏသွားခြင်းတွေ ကြုံရတတ်ပါတယ်။

တစ်နေ့တာ ကဖိန်း(caffeine) ၄၀၀မီလီဂရမ် (400mg)ပမာဏသည် အန္တရာယ်ကင်းကင်း သောက်သုံးနိုင်ပါသည်။ ကော်ဖီ လေးခွက်စာ ပမာဏ အဖြစ်သတ်မှတ်နိုင်ပါတယ်။

ကိုကာကိုလာ သံဗူး ၁၀လုံး ပမာဏ ဒါမှမဟုတ် အားအင်ဖြည့်အချိုရည် နှစ်ဘူးမှာ ကဖိန်း ၄၀၀ မီလီဂရမ်ပါဝင်ပါတယ်။ ကဖိန်းများများထိတွေ့မိပါက ကဖိန်းရဲ့ နောက်ဆက်တွဲ ပြသနာတွေကိုခံစားရမှာဖြစ်တာကြောင့်သတိပြုဆင်ခြင်ကြစေလိုပါတယ်။

ရုတ်တရက်ကော်ဖီဖြတ်ပါက ကဖိန်းစွဲလမ်းခြင်းပြဿနာ‌တွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ မောပန်းလွယ်ခြင်း၊ စိတ်တိုစိတ်ဆက်လွယ်ခြင်း နဲ့ အာရုံစူးစိုက်ရခက်ခြင်း တွေကြုံလာ ရတတ်ပါတယ်။

ကော်ဖီစွဲလမ်းလို့ ကော်ဖီဖြတ်ဖို့ကြိုးစားချင်သူတွေအတွက် နည်းလမ်းအချို့ကို မျှဝေပေးပါရစေ။

ကော်ဖီတစ်ခွက် နှစ်ခွက်ထက် ပိုမသောက်မိစေရန် ဆင်ခြင်ရပါမယ်။ ကော်ဖီကြိုက်သူ ဖြစ်ပါက တိခနဲ လုံးဝ အစိမ်းဖြတ်ခြင်းထက် ပမာဏလျော့ပြီး ကြိုးစားဖြတ်ကြည့်သင့် ပါတယ်။ ကဖိန်းပါဝင်တဲ့ စွမ်းအင်ဖြည့်အချိုရည်တွေ ကိုလာအချိုရည်တွေကို ရှောင်ရပါမယ်။ ရေများများသောက်ပေးပါ။ ကဖိန်းမပါဝင်တဲ့ ရေနွေးကြမ်းကို ရွေးချယ်သောက်ပေးပါ။ ဈေးကွက်အတွင်းမှာရှိတဲ့ အချိုရည်၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဝယ်ခါနီး သုံးစွဲခါနီးတိုင်း ကဖိန်းဓာတ်ပါဝင်မှုကို စစ်ဆေးပါ။

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ခင်းတွေဖြစ်ထွန်းအောင်မြင်သလို ကမ္ဘာ့ဈေးကွက်မှာလည်း မြန်မာကော်ဖီက မျက်နှာပန်းလှပါတယ်။

ပြည်တွင်းဖြစ် ကော်ဖီတွေမှာ လွှစာမှုန့်၊ အုန်းခွံ့မှုန့် ရောခြင်းဆိုတဲ့ ပြဿနာတွေလည်း တစ်ချိန်က လူတိုင်းပြောစရာအခြေအနေတွေ ဖြစ်ခဲ့ဖူးပါတယ်။ အသင့်ဖျော် ကော်ဖီမှုန့် တွေကို ဖျော်တဲ့အခါ ရေနွေးပူပူထဲ ကော်ဖီအိတ်ခွံ ခဲပတ်စက္ကူနဲ့ အလွယ်တကူ မွှေနှောက်ခြင်းကို မလုပ်သင့်ပါဘူး။

အပူနဲ့ ပလက်စတစ်ထိတွေ့တဲ့အခါ ခဲပတ်စက္ကူနဲ့ ထိတွေ့တဲ့အခါ အန္တရာယ် ဖြစ်တတ်ပါတယ်။ ရှောင်သင့်ပါတယ်။

ကော်ဖီချစ်သူများကြုံရတဲ့ အဓိက ပြဿနာတွေကတော့ ရင်တုန်ခြင်း၊ သွားမှာ အရောင်ထင်းနေတဲ့ ကော်ဖီချိုးတက်ခြင်း၊ ဆီးခဏခဏသွားချင်ခြင်း ပြဿနာတွေ ဖြစ်ပါတယ်။ ကော်ဖီကို ထိန်းပြီးသောက်ကြပါ။ အလွန်အကျူးမဖြစ်ဖို့ ဆင်ခြင်ကြပါ။ သွားနှင့်ခံတွင်းဆေးကုခန်းများကိုပုံမှန်ပြသပြီး သွားကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကော်ဖီချစ်သူတွေလည်း ကျန်းမာရွှင်လန်းကြပါစေကြောင်းဆုတောင်းပါ်

နောက်တစ်ပါတ်မှာ ပန်းနာရင်ကြပ်ရောဂါအကြောင်း တင်ဆက်သွားမည်ဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များ စောင့်မျှော်ဖတ်ရှု နားဆင်ပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကော်ဖီနဲ့ကျန်းမာရေး #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)