ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာ အုပ်စုရှိ အောင်ဗလ (ရခိုင်) ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ရက်နေ့ နံနက် ၁၁နာရီခန့်အထိ အောင်ဗလရွာမှနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်စုစု‌ေပါင်း အင်အား ၁၀၀ခန့်က မီးရှို့ ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

“မနေ့က ညနေ ၅နာရီကတည်းက စစ်တပ်နဲ့ မူဆလင်အဖွဲ့တွေဝင်လာပြီး အိမ်တွေကိုမီးရှို့တယ်။ ပထမတစ်ခေါက်မီးလာရှို့ကတည်းက ရွာသားအချို့ပြောင်းပြေးကြပြီးပြီ ရွာထဲကျန်နေတဲ့တချို့ကိုလည်း ဖမ်းထားတယ်ကြားတယ်။ အခြေအနေအတိအကျတော့မသိရသေးဘူး” ဟု မောင်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက အောင်ဗလရွာကို ပြီးခဲ့သည့် ဇူလိုင် ၁၁ရက်နေ့ကလည်း ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာအတွင်းမှ ဒေသခံအချို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“လူမျိုးရေး မီးမွှေးဖို့ လုပ်နေတာပါ။ AAထောက်ခံတဲ့ရခိုင်ရွာဆိုပြီး မူဆလင်လက်နက်ကိုင်တွေပါခေါ်လာပြီး နှစ်ခါတောင်မီးလာရှို့တယ်။ တစ်ရွာလုံးနီးပါးတော့ပြေးလာကြတာပဲ။ အဖမ်းခံထားရသူတွေလည်းရှိနေတယ်” ဟုမောင်တောဒေသခံကပြောသည်။

မောင်တောကို လက်လွှတ်ရနီးလုဖြစ်နေသော စစ်ကောင်စီသည် ဒေသခံပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့်အပြင် ဒေသခံအချို့ကို လူသားဒိုင်းသဖွယ် ပြုလုပ်ပိတ်ဆို့ထားကြောင်း သိရသည်။

ထို့အပြင် မောင်တောဒေသအတွင်း၌ရှိသော စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့် နခခ (၅) မြို့သူကြီးစခန်းကို အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိ‌ေကြာင်း သိရသည်။

တစ်ပြိုင်နက်တည်းတွင် AA ကလည်း မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိ‌ေကြာင်း ထုတ်ပြန်ထားသည်။

ပုံစာ- ဇူလိုင် ၁၃ရက်​နေ့က ​ရွှေဇားရှိ ​အောင်ဗလရွာကို စစ်​ကောင်စီမီးရှို့​နေစဥ်

#မောတော #အောင်ဗလရွာ #ရခိုင်ရွာ #စစ်ကောင်စီ #ဝင်ရောက်မီးရှို့ #ဖျက်ဆီး #Ayeyarwaddy_Times