
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သံတွဲအကျဉ်းထောင်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ထောင်နံရံများ ပြိုကျကုန်၍ စစ်ကောင်စီက အကျဉ်းသား အချို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်စွဲကာ လက်နက်ကြီး တပ်ဆင်ထားသည့် သံတွဲအကျဉ်းထောင်အတွင်း ယမန်နေ့ ဇူလိုင် ၁၂ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထောင်နံရံအချို့ ထိခိုက်ပျက်စီးပြီးနောက် ထောင်အတွင်းရှိ အကျဉ်းသားများကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထောင်အတွင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အကျဉ်းသူအမျိုးသမီး နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံရေးအမှုနဲ့ အစွဲခံရသူတွေအတော်များများပြန်လွှတ်တယ်ပြောတယ်။ ထောင်နံရံ အချို့လည်းပွင့်သွားတယ်တဲ့။ လက်နက်ကြီးက တပ်တော်ကပစ်တာလား။ စစ်တပ်က ပစ်တာ မှားထိတာလား မသိသေးဘူး” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သံတွဲအကျဉ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံရေးအကျဉ်းသား အများစုကိုလွှတ်ပေးခဲ့ပြီး အာရက္ခတပ်တော်(AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲ၍ ထောင်ချခံရသူများနှင့် နှစ်ကြီးအကျဉ်းသားများကို ဆက်လက်ချုပ်ထားဆဲဖြစ်ကြောင်း လွတ်မြောက်လာသူများနှင့်နီးစပ်သူထံက သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ပထမပတ်မှစတင်ပြီး သံတွဲအကျဉ်းထောင် အတွင်းသို့လက်နက်ကြီးများတပ်ဆင်၍ ဝင်ရောက်စခန်းချကာ သံတွဲမြို့အနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်စွဲလာကတည်းက သံတွဲထောင်ရှိ အကျဥ်းထောင်ဝန်ထမ်း အများအပြား ထွက်ပြေးသွားကြကြောင်း သိရသည်။
စစ်ကောင်စီသည် သံတွဲရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ သံတွဲထောင်၊ စာနီတောင်ဂိတ် နှင့် မောင်ရွှေလေး ရေတပ်စခန်းတို့မှနေ၍ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များမှ စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို AAက လိုက်လံတိုက်ခိုက်နေသည့်အတွက် သံတွဲမြို့အနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#သံတွဲထောင် #စစ်ကောင်စီ #အကျဉ်းထောင် #လက်နက်ကြီးကျည်ထိ #နိုင်ငံရေးအကျဉ်းသား #လွတ်မြောက် #Ayeyarwaddy_Times