ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စိုးရိမ်ရေမှတ်အ ထက် ၅ ပေခန့်ကျော်လွန်နေပြီး မြစ်ကမ်းအနီးနားရွာ များ ရေနစ်မြုပ်နေကြောင်း သိရသည်။

ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ငယ်၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ် ထက်ကျော် လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်သည့်မြို့များရှိသလို စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည့် မြို့များလည်းရှိကြောင်းနေ့ ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်ထားသည်။

“ပုဂံမှာ မြင်းကပါရွာဘက်မှာ ‌ရွာတွေရေမြုပ်တယ်။ ယွန်းလုပ်ငန်းလုပ်တဲ့ရွာတွေ အများဆုံးမြုပ်ကုန်တယ်။ အရင်ကလည်း မြစ်ရေတက်ရင် ရေဝင်နေကြ ဆိုပေမယ့် အခုက အရမ်းဆိုးတယ်။ မြင့်တဲ့ရွာတွေဘက်ကို ရှောင်နေရတယ်။ ပခုက္ကူမှာဆိုလည်း ကျွန်းချောင်းရွာနဲ့ အနီးကရွာ လေးရွာလုံး နှစ်ထပ်အိမ်တွေက အစမြုပ်ကုန်တယ်”ဟု မြင်းကပါဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဧရာဝတီမြစ်ရေနှင့် အင်း၀အနီးတွင် ဧရာ၀တီမြစ်အတွင်း စီးဝင်မည့် ဒုဋ္ဌဝတီမြစ်ရေတို့ မြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီးရှိ ကျေးရွာများတွင် ရေဝင်ပြီး နေအိမ်များ ရေနစ်မြုပ်နေကြောင်း သိရသည်။

မြစ်ရေမြင့်တက်ပြီး ရေဝင်နစ်မြုပ်မှုကြောင့် ပုဂံညောင်ဦးရှိ စာသင်ကျောင်းများ ပိတ်ထားရပြီး တံတားဦးမြို့နယ်တွင်လည်း အထကကျောင်းများ၊ အမကကျောင်းများ ကိုပါ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ကတည်းက စတင်ပိတ်ထားရကြောင်း သိရသည်။

လက်ရှိတွင် အညာဒေသ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျေးရွာများ ရေနစ်မြုပ်နေပြီး အကူညီများလိုအပ်ရှိနေကြောင်း သိရသည်။

အလားတူ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့်လည်း ဖောင်းပြင်နှင့် မော်လိုက်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ၈ ပေခွဲခန့်ကျော်လွန်နေပြီး ဟုမ္မလင်းနှင့် မင်းကင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း ပေဝက်ခန့် သာ ကျဆင်းပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်းမ်၊ ပေးပို့

#မန္တလေး #ပုဂံညောင်ဦး #မြစ်ရေကြီး #ရေနစ်မြုပ် #Ayeyarwaddy_Times