
ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဇူလိုင် ၁၃ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညို ရဲစခန်းမှ ထွက်ခွာလာသည့် ရဲနှင့် ပျူစောထီးများကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း-၃၈၀၁၊ တပ်ခွဲ(၂) PHOENIX D F က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တောင်ညိုရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသည့် ရဲနှင့်ပျူစောထီး တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆိုင်ကယ် ငါးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး တောင်ညိုဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“ကင်းလှည့်တာကတော့ နေ့တိုင်းလို လုပ်နေတာကြောင့် အမှတ်မထင် ၀င်ရောက်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ မြေပြင်က ပြည်သူတွေက နှစ်ယောက် သေတယ်။ တစ်ယောက်သေတယ်လို့တော့ပြောနေကြတာပဲ။ အထိခိုက်ရှိတာတော့ သေချာတယ်။ တောင်ညိုဆေးရုံမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ ကုသမူခံယူရတယ်လို့တော့ အတည်ပြုလို့ရတယ်။ မင်းဘူးကျွန်းက ပျူတစ်ယောက် ကတော့ ရှစ်ချက် ချုပ်ရတယ် လို့တော့ အတိကျသိရပါတယ်” ဟု Phoenix D F အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဆင်သေရွာမှအမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ ပြီးနောက် ယခုအခါ စောင့်ကြည့်အနေအထားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း မင်းလှမြို့နယ်ရှိ ပစ္စည်းအဟောင်းဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် ကိုပြားကြီးဆိုသူကို စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးများက အကြောင်းအရင်းမရှိ ဖမ်းဆီးနှိပ်စက်ခဲ့ရာ မျက်လုံး ပေါက်ထွက်ခါနီးအထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#နတ်တလင်း #တောင်ညိုရဲစခန်း #ရဲ #ပျူစောထီး #phoenixdf #Ayeyarwaddy_Times