
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ် မစ္စတာ ဒါဘာဒက်ဘ်အီးလ်ဟွန်းဒ် (Mr. Daba Debele Hunde) က မြန်မာသံအမတ်အဖြစ်ပါဆောင်ရွက်မည်ဖြစ်၍ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယား သံအမတ်အဖြစ် ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုးပီးယား သံအမတ်ဖြစ်သူကို ခန့်အပ်ခဲ့ပြီး ခန့်အပ်လွှာကို မြန်မာနိုင်ငံ သို့လာရောက် ပေးခဲ့ ခြင်းဖြစ်ကာ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သံတမန်ရေးဦးစီးဌာနမှ ဦးဇော်ထွန်းဦး တို့အပြင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း တို့နှင့်လည်း တွေ့ဆုံသွားကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အီသီယိုးပီးယားနိုင်ငံအခြေစိုက် သံရုံးမရှိ၍ ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုးပီးယားသံအမတ်က ဂျပန်နိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံသံအမတ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဖြစ်လာသည့် အီသီယိုးပီးယားနိုင်ငံသံအမတ် မစ္စတာ ဒါဘာဒက်ဘ်အီးလ်ဟွန်းဒ်သည် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဦးမြင့်ကြိုင်နှင့်လည်း ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ အီသီယိုပီးယား နိုင်ငံသားများကို ရှာဖွေကူညီကယ်ဆယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာမသိမ်းခင် ယခင်အချိန်များကတည်းက အီသီယိုးပီးယားနိုင်ငံဆိုင်ရာ သံရုံး မရှိပဲ သံရုံးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်လိုပါက အနီးဆုံး သံရုံးဖြစ်သည့် အိန္ဒိယနိုင်ငံရှိ နယူးဒေလီသံရုံးနှင့် ကိုလ်ကတ္တားရှိ အီသီရိုးပီးယား ကောင်စစ်ဝန်ရုံးများတွင် သွားရောက်ကာ ဆောင်ရွက်ရကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံဆိုင်ရာ သံအမတ်အသစ်အဖြစ် ခန့်အပ်ပြီးနောက် စစ်ကောင်စီနှင့် နှစ်နိုင်ငံ အစိုးရခြင်းပူးပေါင်းဆောင်ရွက်မှုများအပြင် ကျန်းမာရေး၊ ပညာရေး၊ ခရီးသွား လုပ်ငန်းများလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် နှင့် အိန္ဒိယ နိုင်ငံဆိုင်ရာ အီသီရိုးပီးယား သံအမတ်တို့ တွေ့ဆုံကာ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
အီသီယိုးပီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံမှာ သံတမန် ဆက်သွယ်ရေးဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား သံအမတ် Mr Gennet Zewide နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ခင်စိုး တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ဓာတ်ပုံ – MOI
#အီသီယိုးပီးယားသံအမတ် #မြန်မာနိုင်ငံဆိုင်ရာသံအမတ် #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #သံအမတ်ခန့်အပ် #Ayeyarwaddy_Times