ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ပြည်သူ့စစ်မှုထမ်းခေါ်ရာတွင် အသက်မပြည့်သူများမပါဝင်နိုင်ရေး အထူးဂရုပြုဆောင် ရွက်ရမည်ဟု စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ် များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် အသက်မပြည့် သေးသူ ကလေးသူငယ်များကိုပါ စစ်သားစုဆောင်းနေကြောင်း ပါရှိခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ယင်းကဲ့သို့ ဖော်ပြလာခြင်းဖြစ်သည်။
ပြည့်သူ့စစ်မှုထမ်းစာရင်းကောက်ယူရာတွင် အသက်မပြည့်သူများမပါရှိရေး၊ သတ်မှတ် အသက်မပြည့်မီသူနှင့် အသက်ကျော်လွန်သူများမပါရှိစေရန်အပါအဝင် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းခြင်းမရှိရန်နှင့် အစားထိုးပေးပို့မှုများမရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအတွက် သင်တန်းသားခေါ်ယူရာတွင် အသက်မပြည့်သူများလည်းပါဝင်ပြီး အဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးတောင်း ယူခြင်း၊ စစ်မှုထမ်းရန်အတွက် အတပ်းအကျပ်မဲနှိုက်စေ၍စုဆောင်းခြင်း၊ မဲနှိုက်ရာတွင် အမည်ပါဝင်ခြင်းမရှိသော်လည်း အတင်းအကျပ်အမည်စာရင်း ထည့်သွင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်မှုထမ်းခေါ်ယူရာတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများက မသမာမှုများမရှိစေရေးနှင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေဆိုင်းခွင့်များတင်ပြမှုကို သတ်မှတ်ချိန်အတွင်း တင်ပြရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးက ထိုသို့ပြောကြားခဲ့သော်လည်း ယခုအခါတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် သင်တန်း (၃) ခုဖွင့်လှစ်ထားပြီး အမှတ်စဉ် (၄) အတွက် သင်တန်းသားခေါ်ယူရာတွင်လျာထားချက်ပြည့်မီအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆိုထားပြန်သည်။
၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ခံနေရသည့် ကလေးသူငယ် ၂၀၉၃ ရှိပြီး ယောကျ်ားလေး ၁၆၉၄ ဦး ၊ မိန်းကလေး ၃၈၅ ဦး နှင့် လိင်ခွဲခြားမရသူ ၁၄ ဦးပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
#ပြည်သူ့စစ်မှုထမ်းခေါ်ရာ #အသက်မပြည့်သူများမပါရေး #စစ်ကောင်စီဆို #Ayeyarwaddy_Times