ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်ရှိ မြစ်ကမ်းအနီးကျေးရွာများတွင် နေထိုင်ကြသောဒေသခံများမှာ ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့်အတူ ကမ်းပါးပြိုကျမည့် အန္တရာယ်ကို စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။

ပန်းတနော်မြို့နယ်ရှိ ကသဝမ်၊ မင်းသားကျွန်း၊ မြင်းကဒေါင်၊ရင်းတိုက်ကုန်း၊ဂျိုးဖြူတောင်စသောမြစ်ကမ်းအနီးကျေးရွာများရှိ ဒေသခံများမှာ ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ မြစ်ကမ်းပါးများ ထပ်မံပြိုကျလာနိုင်၍ ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံများမှပြောသည်။

“မြစ်ရေကအရင်ထက်ပိုတက်တာဆိုတော့ ကမ်းအနားမှာမနေရဲတော့ဘူး။ အချို့ဆို မြို့နဲ့နီးတဲ့ဒေါင့်ကြီးဘက်ရွှေ့တဲ့သူတွေရွှေ့ကြတယ်။ မရွှေ့နိုင်တဲ့သူတွေကလည်း မြစ်ကမ်းပါးသာပြိုကျလို့နေစရာမရှိတော့မှာပူနေရတယ်။ အရင်နှစ်တွေကလည်းခဏခဏကမ်းပါးပြိုကျနေတော့ဒီနှစ်လည်းအခြေအနေစောင့်ကြည့်နေရတယ်”ဟု မြင်းကဒေါင်ကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အတူ ညောင်တုန်းမြို့နယ်ရှိသပြေချောင်း၊ ဝါးရုံချောင်း နှင့်ဝဲငယ်ကံစု စသည့်မြစ်ကမ်းအနီးကျေးရွာများ၌လည်း မြစ်ရေမြင့်တက်နေမှုနှင့်အတူမြစ်ကမ်းပါးပြိုကျမှုအန္တရာယ်အပြင် ပြောင်း၊ကွမ်းခြံနှင့် ရာသီပေါ်ပင်စိုက်ပျိုးထားမှုများ ပျက်စီးဆုံးရှုံးရမည့်အပေါ် စိုးရိမ်နေရကြောင်း ဒေသခံများကဆိုသည်။

“မြစ်ရေတက်လာတော့ ကမ်းနားမှာစိုက်ထားတဲ့ ကွမ်းခြံတွေ၊ရာသီပေါ်စိုက်ခင်းတွေ ပျက်ကုန်မှာ စိတ်ပူနေရတယ်။ ဟင်္သာတဘက်မှာတော့ကမ်းပါးပြိုလို့ရွှေ့ရတာမနည်းဆိုတော့ဒီမှာလည်းမဖြစ်လာဘူးပြောလို့မရဘူး”ဟု ဝဲငယ်ကံစုကျေးရွာဒေသခံတစ်ဦးကဆိုသည်။

အလားတူ ပန်းတနော်မြို့နယ် မြင်းကဒေါင်ကျေးရွာနှင့်ညောင်တုန်းမြို့နယ် ရွာသာကြီးကျေးရွာတို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲကာ မြစ်ကမ်းပါးပြိုကျမှုကြောင့်နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ကာလူဦးရေ ၅၀ နီးပါးအိုးအိမ်မဲ့အခြေအနေသို့ရောက်ရှိခဲ့သည်။

ထို့အပြင် ဟင်္သာမြို့နယ်၌ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဖောင်ဆိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းအပါအဝင်နေအိမ် အလုံးရေ ၁၀၀ ကျော်ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များထံကသိရသည်။

ပုံစာ- ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်း ပန်းတနော်မြို့နယ်မြင်းကဒေါင်ကျေးရွာ၌မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့စဉ်(ပုံအဟောင်း)။

ဓာတ်ပုံ- ဧရာဝတီတိုင်းမ်
#ညောင်တုန်း #ပန်းတနော် #ဧရာဝတီမြစ်
ရေတက် #ကမ်းပါးပြိုကျမည်ကို #စိုးရိမ်နေ
#Ayeyarwaddy_Times