ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

ရခိုင်ပြည်နယ်၊ မောင်တော၊ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (နခခ-၅) မြို့သူကြီး ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြား စောင့်တပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် (၁၁) ရက်၊ နံနက် ၉ နာရီ ၄ မိနစ်တွင် မကျည်းချောင်း စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီအလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရမိခဲ့‌ ကြောင်း AA က ထုတ်ပြန်သည်။

အဆိုပါ မကျည်းချောင်း စခန်းတွင် စစ်ကောင်စီ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃) တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများ ပါဝင်တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားခဲ့‌ပြီး မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်သော နခခ-၅ မြို့သူကြီးစခန်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီဘက်မှလည်း မောင်တောမြို့ကို မဆုံးရှုံးစေရေးအတွက် မောင်တောမြို့ တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ် ပြင်ဆင်၍ ခုခံစစ်ဆင်နွှဲရန် လုပ်ဆောင်လျက် ရှိ‌ကြောင်း သိရသည်။

AA သည် တစ်ပြိုင်နက်တည်းတွင်ပင် မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တော တစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက် ပြုလုပ်လျက်ရှိ‌ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk

#မောင်တော #စစ်ကောင်စီ #မကျည်းချောင်းနယ်ခြားစောင့်စခန်း #နခခ၅ #မြို့သူကြီး #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times