ဆောင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက်ခွဲတမ်းပေးထားသည့် ရိက္ခာများကိုရောင်းစားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသတင်တန်းသားများအတွက် စစ်ကောင်စီတပ်မှ ထုတ်ပေးထားသည့် ဆန် ရိက္ခာများကို ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် စဥ် ၁ မှစတင်၍ လက်ရှိအချိန်ထိ ရောင်းစား​နေခြင်းဖြစ်သည်ဟု သင်တန်းရှိ တပ်သားတစ်ဦးကဆိုသည်။

“တစ်လကို ရိက္ခာ နှစ်ကြိမ်ထုတ်ရတယ်၊ အစက တစ်ရက်ကို ဆန် နှစ်အိတ်ခွဲ ကျောင်းအုပ်ကြီး ရဲကျော်ကျော်ကိုပေးရတယ်။ နောက်ပိုင်း ရိက္ခာထုတ်ပြီး ပြန်လာတာနဲ့ သက်သာဆိုင်ကိုချပေးခဲ့ရတယ်၊ တစ်ခါချရင် ၁၅ အိတ် အိတ် ၂၀ ထိရှိပါတယ်။ တစ်လကို ဆန် ၃၅ အိတ်လောက် ပုံမှန်သက်သာဆိုင် စတိုးထဲထိ ထမ်းပြီးချပေးရတာ။ ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေကိုယ်တိုင်ပဲ၊ အဲဒီဆန်ဖိုးကျတော့ သင်တန်းကိုပြန်မပေးဘူး၊ ကျောင်းအတွက်လဲမသုံးဘူး၊ သူ့အိတ်ထဲပဲထည့်တာ။ ဒါဟာ သင်တန်းသားတွေ ပါးစပ်ဝက ပုတ်ထုတ်ပြီး လုစားသလိုဖြစ်နေတာ” ဟု ပလောက်မြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်သည် သင်တန်းအတွက်ဝယ်ယူရမည့် အသုံးဆောင်ပစ္စည်းများက်ိုဝယ်ယူရာတွင်လည်း ပစ္စည်းအဟောင်းများက်ိုသာဝယ်ယူ၍ လယ်ဂျာစာရင်းသွင်းရာတွင် အသစ်စျေးအတိုင်း ငွေစာရင်းသွင်းလေ့ရှိသည်ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

“ရိက္ခာစိုမှာ ထောက်ပို့တပ်ကသွင်းရမှာ မသွင်းခိုင်းဘူး၊ သူက ကန်ထရိုက်ပုံစံယူထားပြီး တပ်ရေးဗိုလ်ကြီးကိုယ်တိုင် နေ့စဥ်အဝယ်ခိုင်းတာ။ သင်တန်းက ငွေလုံးဝကိုင်ခွင့်မရှိဘူး အမယ်စုံလိုရင် ကိုယ့် အစီအစဥ်နဲ့ပဲဝယ်ရတာ”ဟု ၎င်းသင်တန်းသားက ဆက်လက်ကြားပြောသည်။

ဧပြီလ ၅ ရက်နေ့တွင်း ဗိုလ်မှုချုပ်ရဲကျော်ကျော်က ပြည်သူ့စစ်သင်တန်းသို့စစ်ဆေးပြီး တစ်ရက်စာချက်စားရမည့် ရိက္ခာ ဆန်များ အပြည့်အဝထုတ်ယူခဲ့ဟုဆိုကာ သင်တန်းမှူး ဗိုလ်မှူး ဝင်းကျော်ကျော်နှင့် သင်တန်းအုပ်ချုပ်မှုအရာခံဗိုလ် ဒုအရာခံဗိုလ်ခင်မောင်လွင် အသက် ၆၁ နှစ် တို့ နှစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ကာ လက်သီးဖြင့်ထိုးကြိတ်မှုဖြစ်ပွါးခဲ့သည်ဟုဆိုသည်။

အလားတူ ဧပြီ ၆ ရက်နေ့ကလည်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က ပြည်သူ့စစ်မှုထမ်းသင်တန်း နည်းပြနေသူဒုအရာခံဗိုလ် ဘိုအေးအား ၎င်းခိုင်းစေသည့်အလုပ်အတိုင်း ဆောင်ရွက်မှုမရှိဟုဆိုကာ လက်သီးဖြင့်ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အား စုံခုံဖွဲ့ကာ အရေးယူမှုများပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းကိစ္စမှာ တရားမဝင်ဘူးဟူ၍ပြောဆိုကာ အရေးယူခြင်းမရှိခဲ့ကြောင်း တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ တပ်ကြပ်ကြီး​တစ်ဦးကပြောသည်။

လက်ရှိတွင်လည်း ပလောက်မြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော် ဦးဆောင်ပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၂ ရှိ သင်တန်းသား ၂၃၂ ဦးကိုသင်တန်းပေးနေပြီးအမှတ်စဥ် ၃ မှာ သင်တန်းဖွင့်လှစ်ခြင်းမရှိဘဲ အမှတ်စဥ် ၄ မှသာ ပြည်သူ့စစ်မှုထမ်းသင်တန်းပြန်လည်ဖွင့်လှစ်မည်ဟုသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က တနင်္သာရီတိုင်း၊ ပလောက်မြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအပါအဝင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်ရန် ကြိုတင်စီမံ၍ လျှို့ဝှက်ညွှန်ကြား၍ ရှေ့တန်းသို့ပို့ဆောင်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး ပြီးခဲ့သည် ဇွန် ၂၇ ရက်နေ့က စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃) သင်တန်းကိုထပ်မံဖွင့်လှစ်ခဲ့ပြီး စစ်သင်တန်းပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ဓာတ်ပုံ-တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်​ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်

#ပလောက်မြို့ #တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း #ဗိုလ်မှူးချုပ်ရဲကျော်ကျော် #ပြည်သူ့စစ်မှုထမ်းများအတွက်ချပေးထားသည့် #ဆန်များကိုရောင်းစား #Ayeyarwaddy_Times