
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့တွင် ဧရာ၀တီမြစ်ရေတိုးပြီး ရေတိုက်စားမှုကြောင့် ဇူလိုင် ၁၁ ရက်နေ့က ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာသည့်အတွက် နေအိမ်များ ပျက်စီးမည်ကိုဒေသခံများ စိုးရိမ်နေရကြောင်းသိသည်။
မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက်၊ စာတိုက်တဲကြီးကုန်းလမ်း၊ လွန်ဆေးမြိုင်ပန်းခြံအနီးတွင် နေ့လည်ပိုင်းအချိန်မှ စတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများဆက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“မနှစ်က စက်တင်ဘာလတုန်းက ပြိုကျသေးတယ် ကမ်းထိန်းတာတွေ ရေကာတာတွေ ဆောက်ပြီးမှ ခု ဇူလိူင်လပဲရှိသေးတယ်ကမ်းတွေပြန်ပြို နေပြီ၊ နောက်ရက်တွေ ဆို အထက်ကရေတွေဆင်းလာရင်ပိုဆိုးမယ်ထင်တယ် မြို့ခံတွေကတော့စိုးရိမ်နေရတယ်”ဟု မြန်အောင်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မြစ်ကမ်းပါး ပြိုကျသည့်နေရာကို မြန်အောင်မြို့ မီးသတ်ဌာနအပါအ၀င်၊ အဖွဲ့အစည်းများမှကမ်းပါးပြိုကျမှု ဆက်လက်မဖြစ်စေရန်အတွက် ဝန်အားလျော့ချရန် မြစ်ကမ်းဘေးရှိ သစ်ပင်ကြီးများကို ခုတ်ထွင်ခြင်းများပြုလုပ်နေကြောင်း မီးသတ်ဌာန နှင့်နီးစပ်သူများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က ဧရာ၀တီမြစ်ရေ တိုက်စားမှုကြောင့် ဟင်္သာတခရိုင်အတွင်းရှိ အိမ်ခြေ ၂၀၀နီးပါးရေနစ်မြုပ်ခဲ့ပြီး ကျန်နေအိမ်များကိုလည်းရေလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသောကြောင့် မြန်အောင် ဒေသခံများကစိုးရိမ်နေကြခြင်းဖြစ်သည်။
#ဧရာ၀တီမြစ်ရေ #မြန်အောင်မြို့တွင် #မြစ်ကမ်းပြိုကျမှုများဖြစ်ပေါ် #Ayeyarwaddy_Times