
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင်၁၂ ရက်
ရေး – ထားဝယ် ကားလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်ခွာလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ကြားဖြတ်တိုက်ခိုက်ခံရ၍ သေဆုံးခဲ့ပြီး သေနတ်တစ်လက် ရရှိခဲ့ ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီခန့်က ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ၌ ရေဖြူ မှ ထားဝယ်မြို့သို့အလာ စစ်ကောင်စီတပ်ဖွဲ့ဝင် လိုက်ပါလာသည့် ဟိုက်ဂျက်စ်ကားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လမ်းတွင် အသင့်စောင့်ကြို၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“အဲဒီ အရပ်သားကား နဲ့ပါလာတာက နှစ်ယောက်ပဲဗျ။ စစ်ကောင်စီ တပ်သား တစ်ဦး နဲ့ အမျိုးသမီးတစ်ဦးပဲပါတာ။ ကျွန်တော်တို့ ကြိုတင်သတင်း ရထားလို့ အသင့်စောင့်ကြိုပြီး ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တာပါ။ နှစ်ယောက်စလုံးက အရပ်ဝတ်နဲ့ပဲ ခမရ-၄၀၆ တပ်ရင်းက ထွက်လာတာ။ တပ်ရင်းနဲ့ မလှမ်း မကမ်းမှာပဲ ပစ်ခတ်ခဲ့တာပါ။ ကားကတော့ လမ်းဘေး ထိုးကျတိမ်းမှောက်သွားတယ်။ စစ်ကောင်စီတပ်သား တစ်ဦးပွဲချင်းပြီး သေတယ်။ အမျိုးသမီးကတော့ ပစ်ခတ်တဲ့ အချိန်မှာ အနည်းငယ် ကျည်ထိမှန် ဒဏ်ရာ ရသွားတယ်”ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချော က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး MA3 သေနတ် တစ် လက် ၊ ကျည်ဘောက် လေး ခု ၊ ကျည် ၁၅၀ တောင့် ၊ ဖုန်းတစ်လုံး တို့ပါ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ် အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ-ပစ်ခတ်တိုက်ခိုက်မှုအတွင်းသိမ်းဆည်း ရရှိခဲ့သော MA3 သေနတ် ။
#ရေးထားဝယ်ကားလမ်းမ #အိမ်စီးကား #စစ်ကောင်စီတပ်ဖွဲ့ဝင် #တိုက်ခိုက်ခံရ #သေဆုံး #သေနတ်၁လက်ရရှိ #Ayeyarwaddy_Times