
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
အာဏာသိမ်းစစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဘဏ်လုပ်ငန်းရှင်များကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဘဏ်များစည်းကမ်းချိုးဖောက်နေကြောင်းပြောကြားခဲ့သည်။
စစ်ကောင်စီက ဗဟိုဘဏ်နှင့်ဘဏ်များကိုသီး ခြားလွတ်လပ်စွာဆောင်ရွက် ခွင့်ပေးထားသော်လည်း ယခုအခါတွင်သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများရှိနေသဖြင့် နိုင်ငံတော်၏စီးပွားရေးစနစ်မူဝါဒများကိုထိပါးလာ၍ ထိုက်သင့်သလို ကြီးကြပ် ဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆက်လက်ပြောကြားသည်။
ထို့ပြင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝ ကာကွယ်စောင့်ရှောက်မည့် ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိသူမျာလိုက်နာရန်လိုကြောင်း ၎င်းက ဆို သည်။
ငွေကြေးမူဝါဒရေးရာနားလည်သူတစ်ဦးက “ ဘဏ္ဍာရေးအခြေအနေအရဆိုရင် ဗဟိုဘဏ်ရော ပြည်တွင်းဘဏ်တွေရောမှာ လူထုအပ်ငွေနည်းလာတယ်။ စစ်ကောင်စီဘက်က ဘဏ်တွေကိုအပြစ်ရှာသလို ဘဏ်တွေကလည်း ကိုယ်လွတ်ရုန်းဖို့လုပ်ကြတယ်။ အရင်လို ဝေစားမျှစားမတည့်တော့ စစ်ကောင်စီက ဘဏ်တွေကိုဖိအားပေးတာပဲ။ လူထုကတော့ အကုန်ခံရတာပဲ ” ဟု ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အတူ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကလည်း ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှုများခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်စေ၍ စစ်ကောင်စီအကောင်အထည်ဖော်လိုသော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ငွေပေးချေရေး လုပ်ငန်းများအတွက် ငွေသားစီမံခန့်ခွဲမှုအစီအစဉ်အတိုင်း Digital Platform များတည်ဆောက်ထားကြောင်း ပြောကြားထားသည်။
“ ပြည်သူတွေအနေနဲ့ Digital (ဒစ်ဂျစ်တယ်) နည်းလမ်းတွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေ၊ သုံးစွဲမှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က က ဆိုသည်။
စစ်ကောင်စီသည် ဒစ်ဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများကိုအသုံးပြုစေပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်း Electronic Card ၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်း Mobile Pay ၊ internet ဘဏ်လုပ်ငန်း၊ Mobile Wallet တွေအသုံးပြုပြီး ငွေလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။
ဘဏ်များတွင်ကျပ်ငွေနည်းလာပါက ဗဟိုဘဏ်ကနေငွေသားပြန်လှည့်ယူရပြီး ငွေသားလိုအပ်ချက်ပြည့်မီနိုင်ရန် ဗဟိုဘဏ်က ငွေသားထပ်ရိုက်ရကြောင်း၊ backup currency မရှိဘဲငွေသားရိုက်လျှင်ငွေကြေးဖောင်းပွမှု( inflation) ဖြစ်စေကြောင်း ငွေကြေးမူဝါဒရေးရာနားလည်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
“ စစ်ကောင်စီကတစ်ပတ်ပြည့်အောင်မစဉ်းစားဘူး။ ပစ္စည်းတစ်ခုရောင်းမယ်ဆို ငွေသားရှိရမှာပဲ။ ငွေမကိုင်စေချင်လို့ digital လုပ်လည်း နေရာတကာသုံးလို့ရတာမဟုတ်ဘူး။ ဆိုင်ကြီးတွေကနေ လမ်းဘေးဆိုင်တွေအထိ scan ဖတ်ပြီး Pay တွေသုံးလို့ရရင်တော်သေးတယ်။ digital ကျ အလုပ်မဖြစ်ဘဲ ငွေသားတွေ ကန့်သတ်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက Digital နည်းလမ်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းမှု သုံးစွဲမှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ ဆိုထားသော်လည်း Digital နည်းလမ်းဖြစ်သည့် K Pay နှင့် ငွေချေမှုများ ပြုလုပ်သည်ကိုပင် လက်ခံလိုသူနည်းပါးကြောင်း သိရသည်။
” ၀ယ်နေကျဓာတ်ဆီဆိုင်မှာ ဆီ၀င်ထည့်တာ။ ထည့်ပီး K pay နဲ့ ရှင်းမယ်ဆိုတော့ မရဘူးတဲ့။ အရင် K pay နဲ့ပဲ ၀ယ်နေကျ။ K pay မရတာ ကြိုလည်းမပြောဘူး။ K pay မရရင် ငွေသားမပါဘူးလို့ ပြောလိုက်တယ်။ နောက်ဆုံး အတိုက်အခံလုပ်ပြောတော့မှ K pay နဲ့ ရှင်းလို့ရသွားတယ်။ ပျော်စရာကောင်းတဲ့ နိုင်ငံတော်ကြီး” ဟု စက်သုံးဆီသွားရောက်ဖြည့်သည့် အမျိုးသားတစ်ဦးက K Pay ဖြင့် ရှင်းရာတွင် အဆင်မပြေ ဖြစ်ရကြောင်း ဆိုသည်။
စစ်ကောင်စီသည် Online Payment စနစ်များကို ပီပြင်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဘဏ်အကောင့်များပိတ်ခြင်း၊ ငွေလွှဲ Transfer limit ကန့်သတ်ခြင်းများ လုပ်ဆောင်မှု အပါအဝင် အွန်လိုင်းလိမ်လည်မှုများရှိခြင်းကြောင့် ငွေသားသုံးစွဲမှုမြင့် လာကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီက အင်တာနက်ပိတ်ထားသည့် ဒေသများတွင် ပြည်သူများ၏ စီးပွားရေးလည်ပတ်မှုတွင် ငွေသားအခြေပြုစနစ်ဖြင့် သွားရပြီး လူဦးရေး ၁၀ သန်းနီးပါးရှိကြောင်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းထားပြီးနောက် အင်တာနက်အပိတ်ခံရသည့် မြို့ပေါင်း ၂၈၈ မြို့နယ်ရှိပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိမြို့များအများဆုံးပါဝင်ကာ လူဦးရေ အရေအတွက်သန်းနှင့်ချီရှိနိုင်ကြောင်း Myanmar Internet Project က ထုတ်ပြန်ထားသည်။
“အဲဒီမှာတစ်ကမ္ဘာလုံးက အွန်လိုင်းငွေပေးချေမှုစနစ် E – Pay နဲ့သွားနေချိန်မှာ မြန်မာပြည်က ပြောင်း ပြန်ဖြစ်ပြီး ငွေသားလိုအပ်ချက် အရက်ကထက် ၅ ဆနဲ့ ၁၀ ဆ ဖြစ်လာတယ်” ဟု ဘဏ္ဍာရေးဆိုင်ရာနားလည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင်မူ ဇူလိုင်လ အစောပိုင်းကတည်းက ဘဏ်အသီးသီးတွင် ငွေစာရင်းအကောင့်အမျိုးမျိူးမှ ငွေသား ထုတ်ယူ၊ လွှဲပြောင်းရာတွင် လိုအပ်သလောက်ငွေသားထုတ်ယူခွင့်မရဘဲ ကန့်သတ်ခံရကြောင်း ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများထံက သိရသည်။
“ ဘဏ်တွေက တစ်ဘဏ်နဲ့တစ်ဘဏ်တော့မတူဘူး။ မကွေးက ဘဏ်တချို့မှာ special ဆို သိန်း ၅၀ ထိထုတ်လို့ရတယ်။ ဓနုဖြူမှာ သိန်း ၂၀ ရတယ် ( ရန်ကုန်မှာ ၁၀ သိန်း) ရတယ်။ ငွေလွှဲဆို ဘယ်လောက်လွှဲလွှဲ ၁၀ သိန်းပဲထုတ်ပေးတယ်။ ဘဏ်တွေက နေရာဒေသအလိုက် ငွေထုတ်ပေးတာတွေမတူဘူး။ အပြောင်းအလဲရှိတယ် ” ဟု ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ရိုးမဘဏ်အပါအဝင် ဘဏ်ခုနစ် ခုကို အိမ်ရာချေးငွေစည်းကမ်းများလိုက်နာခြင်းမရှိဟုဆိုကာ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ယခုရက်ပိုင်းတွင် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်ကောင်စီက ခေတ္တထိန်းသိမ်းထားကြောင်းသိရသည်။
” ရိုးမအုပ်စုကို စင်ကာပူဘဏ်တွေကိစ္စမှာ သေချာတာဝန်မယူနိုင်လို့ စစ်ကောင်စီက အငြိုးထားပုံရတယ်လို့သုံးသပ်သူတွေရှိနေတယ်။ ခဏထိန်းထားတာပေါ့။ နိုင်ငံရေးသမားတွေဖမ်းသလိုတော့ဘယ်ဟုတ်မလဲ။ ဟိုတယ်မှာနေတယ်။ မိသားစုနဲ့လည်းတွေ့ရတယ်။ ခြေချုပ်ထားတဲ့သဘောပါပဲ” ဟု ဘဏ်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရိုးမဘဏ်ကမူ ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း စသည့်သတင်းများသည် မဟုတ်မမှန် မသမာသည့် ရည်ရွယ်ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားဖြစ်ပြီး သတင်းဖြန့်ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အင်တာနက်
#စစ်ကောင်စီ #ပုဂ္ဂလိကဘဏ်များ #ဘဏ်ဂယက် #လိုသလောက်အပ်ငွေ #လွှဲငွေထုတ်မရ #Ayeyarwaddy_Times