ဧရာဝတီတိုင်း
ဇူလိုင် ၁၂ ရက်

စစ်ကောင်စီက ခေါ်ယူသည့် စစ်သင်တန်းအပတ်စဉ် ၁ သင်တန်းဆင်းများ ရှေ့တန်းစစ်မျက်နှာသို့ ပို့ခံရသည့်အတွက် ပြည်သူများထံမှ ကောက်ခံရရှိထားသည့် ထောက်ပံ့ငွေများကိုယူဆောင်ကာ ထွက်ပြေးသွားကြကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းမလိုက်လိုသည့် လူငယ်များနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ ကောက်ယူရရှိထားသည့် ငွေများကို အပတ်စဉ် ၁ စစ်မှုထမ်းမည့် သင်တန်းသားများကို ငွေကြေးထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ငွေကြေးရယူခဲ့ပြီး စစ်သင်တန်းသွားတက်သည့် သင်တန်းသားများမှာ စစ်ကောင်စီနှင့် ၎င်းလက် အောက်ခံ အုပ်ချုပ်ရေးမှူးတို့၏ အမျိုးများဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းအပတ်စဉ် ၁ အနေဖြင့် စစ်သင်တန်းပြီးနောက် ရှေ့တန်းသို့ပို့ဆောင်မည်မဟုတ်ဟုဆိုကာ ထောက်ပံ့ကြေးများရယူပြီး နာမည်စာရင်း ပေးခဲ့သူများအနေဖြင့် ယခုကဲ့သို့ထွက်ပြေးကြခြင်းဖြစ်သည်။

“အပတ်စဉ် ၁ ဆိုတော့ ရှေ့တန်းပို့မယ်မထင်ဘူး။ ‌လူအင်အားပြတဲ့အနေနဲ့ပဲ ခေါ်တယ်ထင်တာ။ခေါ်တုန်းကလည်း ရှေ့တန်းမပို့ဘူး၊ လူအင်အားပြဖို့ပဲ ဆိုပြီးခေါ်တော့ ပိုက်ဆံတွေလိုက်ကောက်ထားတာလည်း တရပ်ကွက်ကို သိန်း ၂၀၊ ၃၀ ရတော့ အုပ်ကြီး အမျိုးတွေ ပျော်ပျော်ပါးပါးဝင်သွားကြတယ်။ ခုရှေ့တန်းလည်းပို့ခံရရော သင်တန်းကဗိုလ်တွေကို အုပ်ကြီးအမျိုးတွေ ဖုန်းဆက်ပြီး ကျွန်မတို့သားလေး ပြန်ပေးပါပြောတာကို မွှန်နေအောင်ဆဲလွှတ်တယ်။ နောက်ပြီး လူမစုပေးတော့ဘူးလို့ပြောတဲ့ ဍအုပ်ကြီးကို စစ်တပ်က ပါးတွေနားတွေ လာရိုက်သွားတယ်လို့ လည်း ကြားတယ်”ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ် ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁ မှ သင်တန်းသားများကို တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့သို့ ပို့ဆောင်ခဲ့ကြောင်း သင်တန်းသား မိသားစုများထံမှ သိရသည်။

တိုက်ကြီးမြို့နယ်မှ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသည့် သင်တန်းသားအပတ်စဉ် ၁ သင်တန်းဆင်း ၁၀၀ ခန့်ကို ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ရေးပြင်းထန်နေသော ဒေသများသို့ စစ်ကောင်စီက ပို့ဆောင်ခဲ့သည့်အတွက် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

ထို့အပြင် ရခိုင်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်လူငယ်များကို အတင်းအကျပ် ဖိအားပေးခေါ်ဆောင်ကာ ရက်တိုသင်တန်းပေး၍ လက်နက်တပ်ဆင်ပေးပြီးနောက် ရခိုင်ရှိ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်းစသည့် စစ်ရေးပြင်းထန်နေသည့် ဒေသများသို့ ပို့ဆောင်တိုက်ခိုက်ခိုင်းနေ ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီက အာဏာတည်အသက်သွင်းလိုက်သည့် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ခေါ် ဆောင်ခံရသည့်သူများမှာ အပတ်စဉ် ၁ တွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးလာသူများနှင့် ညမထွက်ရ အမိန့်ဖြင့် ပေါ်တာဆွဲခေါ်ဆောင်လာသည့် လူငယ်အများစုဖြစ်နေကြောင်း သိရသည်။

ကျန်သည့်သူများမှာ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသူများ အများစုဖြစ်ပြီး ငွေကြေးအမြောက်အများရယူကာ စစ်သင်တန်းသို့ရောက်လာပြီးမှ ရှေ့တန်းပို့ခံရချိန်တွင် ထွက် ပြေးနေကြကြောင်း သိရသည်။

ဓာတ်ပုံ- ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃ တွင် သင်တန်းတက်ရောက်နေကြသူများ

#ပြည်သူ့စစ်မှုထမ်း #အမှတ်စဉ်၁ #သင်တန်းသား #ရှေ့တန်းပို့ခံရ #အုပ်ချုပ်ရေးမှူး #စစ်တပ် #ထွက်ပြေး #Ayeyarwaddy_Times