
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေး မြင့်တက်လျက်ရှိရာ ယနေ့ ဇူလိုင် ၁၂ ရက် ညနေဈေးအပိတ်တွင် ကန်တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ် နှင့် အကယ်ဒမီအခေါက်ရွှေဈေး ကျပ်သိန်း ၆၀ နီးပါးရှိလာကြောင်း ဈေးကွက်အတွင်းက သိရသည်။
နိုင်ငံခြားငွေလဲနှုန်းထားနှင့် ပြည်တွင်းရွှေဈေးများသည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကတည်းက တဖြည်းဖြည်းပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
ဇူလိုင် ၁၂ ရက်နေ့ ညနေအပိတ်ဈေးတွင် ကန်တစ်ဒေါ်လာ အရောင်းဈေး ၅၀၈၀ ကျပ်၊ အဝယ်ဈေး ၅၀၀၀ ကျပ်နှင့် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် သိန်း ၅,၉၅၀,၀၀၀ ဖြစ်ကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။
ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များ တရားဝင်ရောင်းချရမည့် ဈေးသတ်မှတ်ချက်တွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၄၆ သိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) ထုတ်ပြန်ထားသည်။
” ဈေးတွေဘာလို့တက်နေလဲဆိုတာက ကမ္ဘာ့မှာ ဒေါ်လာဈေးရော ရွှေဈေးရော မာနေတာရယ်၊ ပြည်တွင်းမှာရှိတဲ့ ကုန်သည်ကြီးတွေက ကျပ်ငွေကိုင်ထားတော့ အခုရွှေနဲ့ ဒေါ်လာလိုက်ဝယ်နေကြတယ်။ ဒါပေမယ့် အရောင်းမရှိဘူး။ အဝယ်တွေပဲရှိတယ်” ဟု ရွှေ၊ဒေါ်လာ ရောင်းဝယ်မှုများနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ပြောသည်။
ထို့သို့ အမေရိကန်ဒေါ်လာ မြင့်တက်လာမှုနှင့်အတူ နိုင်ငံခြားငွေလဲဈေးနှုန်းထား မြင့်တက်ရာတွင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ဈေးများလည်းပါဝင်သည်။
ထိုင်းတစ်ဘတ်လျှင် အရောင်းဈေး ၁၃၉ ကျပ် နှင့် အဝယ်ဈေး ၁၃၄ ကျပ်ဖြစ်ပြီး ကျပ်ငွေတစ်သိန်းလျှင် ၇၁၅ ဘတ်သာရရှိမည်ဖြစ်ပြီး ကျပ်ငွေတန်ဖိုးပို၍ ကျဆင်းလာပြီ ဖြစ်ကြောင်းငွေလွဲလုပ်ငန်းလုပ်သူတစ်ဦးထံက သိရသည်။
တရုတ်ယွမ်ပေါက်ဈေးတွင် တစ်ယွမ် အရောင်းဈေး ၆၇၀ ကျပ်နှင့် အဝယ်ဈေး တစ်ယွမ်ကို ၆၅၀ ကျပ်ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၂ ရက်မှ ၁၀ ရက်နေ့အတွင်း Online Platform မှ တဆင့် ပို့ကုန်သွင်းကုန်လုပ်ရှင်များထံ အမေရိကန်ဒေါ်လာ ၁၅ သန်းရောင်းချထားကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့် မေလကုန်တွင်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅၆ သိန်းကျော်အထိ မြင့်တက်သွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၆၀၀ ဝန်းကျင်ထိဈေးမြင့် တက်သဖြင့် ရွှေလုပ်ငန်းရှင်နှင့် နိုင်ငံခြားငွေကြေးလဲလှယ်လုပ်ကိုင်သော စီးပွားရေး သမားများကို ဈေးကစားမှုဖြင့် စစ်ကောင်စီ ဖမ်းဆီးအရေးယူခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒေါ်လာဈေး #ရွှေဈေးတက် #တစ်ဒါ်လာ၅၀၀၀ကျပ် #Ayeyarwaddy_Times