ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

မကြာသေးမီကမှ ရေတပ်ကာကွယ်ရေးဦးစီးချုပ်(ရေချုပ်) အဖြစ်ခန့်အပ်ခြင်း ခံထားရသည့် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို စစ်ကောင်စီက ခေါ်ယူစစ် ဆေးနေပြီး ထွက်စာတင်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း နုတ်ထွက်စာ တင်သည့်အပေါ် စစ်ခေါင်းဆောင်က လက်ခံမည်မဟုတ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်သည် ယခင် ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်နေရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင်မှ ရေတပ်ကာကွယ်ရေး ဦးစီးချုပ်(ရေချုပ်) အဖြစ် အစားထိုးခန့်အပ်၍ တာဝန်ပေးအပ်ခြင်း ခံထားရသူဖြစ်သည်။

ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ရခိုင်စစ်ရေးနှင့်ပတ်သက်၍ ရေကြောင်း လုံခြုံရေးအရ ချို့ယွင်းချက်ရှိသည်ဟုဆိုကာ ယခု ဇူလိုင်ပထမပတ်က စတင်၍ခေါ်ယူစစ် ဆေးနေခြင်းဖြစ်ပြီး အခြားသတင်းရင်းမြစ်၏ အဆိုအရ ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် မှာ နုတ်ထွက်စာတင်ထားကာ စစ်ခေါင်းဆောင်၏ အမိန့်ကို စောင့်နေသည်ဟုလည်း သိရသည်။

“နုတ်ထွက်စာတင်တယ်ဆိုတာ မလွယ်ကူဘူးဗျ။ အခုအခြေအနေကလည်း သေချာ ပြောပြဖို့ခက်နေတယ်။ နုတ်ထွက်စာတင်တာနဲ့ ခေါ်ယူစစ်ဆေးနေခံနေရတဲ့ သတင်းက ၅၀-၅၀ ပဲ။ ဒီအခြေအနေမှာ နုတ်ထွက်စာ တင်တာမဖြစ်နိုင်ဘူး။ စစ်ခေါင်းဆောင် ကလည်း လက်မခံမှာမဟုတ်ဘူး” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရေတပ်ဦးစီးချုပ်မဖြစ်ခင်က ယခင် ရေတပ်ဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်ကိုလည်း အနားမပေးမီ လနှင့်ချီ၍ ခေါ်ယူစစ်ဆေးစုံစမ်းမှုများ ပြုလုပ်ပြီးနောက် အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပေးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ရခိုင်ကမ်းရိုးတန်းတွင် စစ်ရှုံးနေသည့်ကိစ္စအပြင် ရေကြောင်းမှ တိုက်ခိုက် စစ်ကူပေးနေရသည့် အခြေအနေများ အောင်မြင်မှု မရရှိသည့်အပေါ် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

နုတ်ထွက်စာတင်သည့်ကိစ္စနှင့် ပတ်သက်၍ ယခုအခြေအနေသည် တပ်တွင်းရှိ အရာရှိအသိုင်းအဝိုင်းတွင် နုတ်ထွက်စာတင်ရန် မှာ မလွယ်ကူကြောင်းနှင့် စစ်ခေါင်းဆောင်အတွက် ယုံကြည်ရသူနည်းပါးနေချိန် တွင် နုတ်ထွက်စာတင်သည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုထားသည်။

ပုံစာ-ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
#ရေတပ်ဦးစီးချုပ #ရေ #ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် #စစ်ကောင်စီ #ခေါ်ယူ #စစ်ဆေး #Ayeyarwaddy_Times