ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၁ ရက်

တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ငါးဦးသေဆုံးကာ နှစ်ဦး အရှင် ဖမ်းဆီးရမိခဲ့ပြီး PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံက သိရသည်။

ပုလောမြို့နယ်၊ (၅) မိုင်ကျေးရွာအနီးသို့ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလာသော ခလရ (၂၈၅)စစ်ကြောင်းကို ဇူလိုင်လ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင် ခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီ) တပ်က ၅ မိုင် ရွာ ကို စစ်ကြောင်းထိုးလာနေတယ်ဆိုတာ ကြိုတင်သတင်းရထားတယ်။ အဲ့ဒါကို လမ်းမှာ ကျွန်တော်တို့ အသင့်စောင့်ပြီး ခြုံခို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေတဲ့သူတွေများတယ်”ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသက်ထွန်းအောင် အပါအဝင် ငါး ဦး သေဆုံးပြီး နှစ် ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်း များစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း MA-7 ၆၀မမ စိန်ပြောင်း တစ် လက်၊ ၆၀မမ ကျည် သုံးခု ၊ MA-1 ရိုင်ဖယ် တစ်လက်၊ MA-2 အပေါ့စားစက်သေနတ် နှစ်လက်၊ MA-3 ရိုင်ဖယ် သုံးလက်၊MA-5 ပစ္စတို တစ်လက်၊ အီနဂါ တစ်ခု ၊လက်ပစ်ဗုံး ရှစ်လုံး ၊ MA-14 နင်းမိုင်းသုံးခု ၊ MA ကျည်ဘောက် ၂၇ ခု ၊MA-2 ကျည်ဘောက်အဝိုင်း နှစ်ခု ၊ ၅.၅၆(ကပစ) ကျည် ၂၄၁၂ တောင့် ၊ စစ်ဦးထုပ်ခြောက်လုံး ၊စကားပြောစက်အသေး တစ်လုံး၊ လက်ကိုင်ဖုန်းလေးလုံး၊ ကျည်ကာအင်္ကျီ ငါးစုံ ၊ အီကွေးမင်း ငါး ခု၊ ကျောဘိုးအိတ်တစ်လုံး စသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၅ နာရီခန့် ကြာမြင့်ကာ ပုလော ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“ကျဆုံးသွားတဲ့ ရဲဘော်က နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်း နဲ့ ကျည်ထိမှန်ပြီး ကျဆုံး သွားခဲ့တာပါ။ သင်္ဂြိုဟ်ဖို့ကိစ္စကိုတော့ သက်ဆိုင်ရာ စစ်ကြောင်းတွေကနေ အသေးစိတ် ထုတ်ပြန်လိမ့်မယ်”ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) ၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ၊ ကရင်အမျိုးသား ကာကွယ်ရေး တပ် (KNDO) ၊ တပ်ရင်း (၇) တပ်ခွဲ (၅) ၊ ပုလောဒေသ ကာကွယ်ရေးတပ် (PRDF) မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ- အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ နှင့် လက်နက်ခဲယမ်းများ
#ပုလောမြို့နယ်တိုက်ပွဲ #စစ်ကောင်စီတပ်ဗိုလ်မှူး #၅ဦးသေဆုံး #၂ဦးအရှင်ဖမ်းဆီးရမိ #PDFရဲဘော်ကျဆုံး #Ayeyarwaddy_Times