နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်တပ် အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်းသို့ ငွေကျပ် ၁၂ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ လူသားစာနာ အကူအညီများ ပေးအပ်ထောက်ပံ့ခဲ့သော်လည်း စစ်ရှောင်ပြည်သူ ၃ သန်းကျော်အနက် ၃ သိန်းကျော်သာ ထောက်ပံ့နိုင်ခဲ့ကြောင်း လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) ထံက သိရသည်။

MoHADM ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်နေ့အထိ ၃ နှစ်ကျော်အတွင်း ယင်းကဲ့သို့ ထောက်ပံ့ခဲ့သလို ပြည်သူကို ကူညီထောက်ပံ့ခြင်း၊ ကာကွယ်စောင့် ရှောက်ခြင်း၊ အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆောင်ရွက်ခြင်းရည်မှန်း ချက် သုံးရပ်ကို ချမှတ်၍ အဓိကလုပ်ငန်း တာဝန်များအဖြစ် စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့က MoHADM နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “ပြည်သူ့ အစိုးရ၏ လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ MoHADM ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်သူများအပေါ် ထောက်ပံ့နိုင်ခြင်း မရှိ၍ ဝမ်းနည်းမိကြောင်း ဆိုသည်။

“တစ်လကို ပျမ်းမျှအားဖြင့် စစ်ရှောင်ပြည်သူ ၃ သိန်းကျော်ကို ထောက်ပံ့နေရတာ ရှိတယ်။ တစ်နိုင်ငံလုံး အတိုင်းအနေနဲ့ စစ်ရှောင်ပြည်သူ ၃ သန်းကျော် ဖြစ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ အလိုအပ်ဆုံး ပြည်သူတွေကိုသာ ထောက်ပံ့နိုင်နေတာ ဖြစ်တယ်။ ဒါဟာ ထောက်ပံ့တာ ရောက်ရှိမှုအနေနဲ့ အလိုအပ်ဆုံး ပြည်သူဦးရေရဲ့ ၁၅% သာ ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု MoHADM ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်ကို MoHADM အနေဖြင့် အဓိက လိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာများအား ဦးစားပေး ထောက်ပံ့နေပြီး နေရပ်မပြန်နိုင် သော စစ်ဘေးရှောင် ပြည်သူအတွက် နေအိမ်အလုံး ၃,၀၀၀ နီးပါး၊ တာပေါ်လင်နှင့် မိုးကာစ ၁၁,၀၀၀ ကျော်၊ ဗုံးခိုကျင်း ၁,၃ဝဝ ကျော်နှင့် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်ကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆန်အိတ်ပေါင်း ၉,၀၀၀ ကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၂ဝ၂၄ ၊ ဇွန်နှောင်းပိုင်းမှစ၍ လက်တလော ဖြစ်ပွားခဲ့သော ကချင်ရေဘေးနှင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း နောက်ဆက်တွဲအဖြစ် စစ်ဘေးရှောင်ကြရသည့် ပြည်သူများအတွက် ငွေကျပ်သိန်း ၃၂ဝ ကျော် ပံ့ပိုးထားပြီး ဖြစ်သလို ထောက်ပံ့ပေးမှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာ တာဝန်ခံများနှင့် ချိတ်ဆက်၍ အချက်အလက်များ ရယူလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့၂ဝ၂၄-၂၅ အတွင်းမှာ အဓိက ရည်မှန်းချက် သုံး ချက်၊ လုပ်ငန်းစဉ် ငါး ရပ် သတ်မှတ်ပြီး အသေးစိတ် လုပ်ငန်းစဉ် ၁၇ ခု ဖော်ထုတ်ကာ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကျွန်တော်တို့ လူသားအရင်းအမြစ်၊ ငွေသားအရင်းအမြစ်တွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် (optimize) လုပ်၊ ဦးစားပေးတွေထားပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်” ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ပြည်သူကို ကာကွယ်စောင့်ရှောက်ခြင်း၊ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ပြည်သူများ ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆောင်ရွက်ခြင်း (CPCR) ကဏ္ဍဖြစ်သော “စိတ်ခွန်အားပေးသူများ” အစီအစဉ်မှ တစ်ဆင့် ပြည်သူတစ်ဦးချင်းနှင့် ဆွေးနွေးမှုကို ၃ နှစ်တာအတွင်း လူဦးရေ ၁၄ဝဝ ကျော်အား အကြံပြု ဆွေးနွေးပေးနိုင်ခဲ့ပြီး အစုအဖွဲ့လိုက် အဖြစ် IDP များ၊ မီးရှို့ဒဏ်ခံနှင့် လေကြောင်းထိ ပြည်သူများ စသည်တို့ကိုလည်း နှစ်သိမ့် ဆွေးနွေးပေးနိုင်ခဲ့ကြောင်း သိရသည်။

NUG ၏ လူသားစာနာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ကောင်စီ၏ အမျိုးမျိုးသော ဟန့်တားနှောက်ယှက်မှုများ ကြုံတွေ့ရကာ စစ်ကောင်စီသည် ငွေကြေးဆိုင်ရာ စီးဆင်းမှု များနှင့်ပတ်သက်၍ တင်းကျပ်ပိတ်ပင်မှုများကို ပြည်တွင်းသာမက ပြည်ပဘဏ်စနစ်များ အထိပါ ဖိအားပေး ကြိုးစားမှုများရှိနေပြီး ဆန်ရောင်းဝယ်ရာတွင်လည်း ဖမ်းဆီးအရေး ယူမှုများ၊ ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်တွင်း ခရီးသွားလာခွင့်၊ ကူညီထောက်ပံ့ရေး အဖွဲ့အစည်း များနှင့် ပတ်သက်၍ တော်လှန်ရေး အင်အားစုနယ်မြေအတွင်းသို့ ဝင်ရောက်သွားလာခွင့် ကန့်သတ်မှုများကို လုပ်ဆောင်နေပြီး ထိုအဖွဲ့အစည်းများတွင် ပါဝင်နေသူများကို ဖမ်းဆီးအပြစ်ပေး အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီက နည်းမျိုးစုံ အကြောက်တရားဖြင့် ဟန့်တားနိုင်ရေး ကြိုးပမ်း လုပ်ဆောင် ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပြည်သူများထံ ထောက်ပံ့ကူညီမှုများ မရောက်ရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း NUG သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပုံစာ- NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MoHADM) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ပုံဟောင်း)

#NUG #ငွေကျပ်၁၂ဒသမ၈ဘီလီယံ #လူသားစာနာအကူအညီများ #စစ်ရှောင်ပြည်သူ၃သန်းကျော် #၃သိန်းကျော်ထောက်ပံ့ #Ayeyarwaddy_Times