
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
မလေးရှာနိုင်ငံ၊ ကွာလမ်လာပူမြို့၊ ဂျာလန်းအာလော့တွင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသည့် အနှိပ်ခန်းတွင် မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စီးနင်းပြီး မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မလေးစံတော် ချိန် ညနေ ၁၀ နာရီဝန်းကျင်တွင် လူအင်အား ၃၀ ကျော်ဖြင့် မလေးရှားအာဏာပိုင်အဖွဲ့မှ မြန်မာနိုင်ငံသား အများစုအလုပ်လုပ်ကိုင်သည့် အနှိပ်ခန်းကို ရှောင်တခင်ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“မလေးရှား လဝက၊ ရဲတပ်ဖွဲ့ အယောက် ၃၀ ကျော်နဲ့ အနှိပ်ခန်းအတန်းတွေကို လာပြီး ဖမ်းသွားတာပါ။ အချုပ်ကားတစ်စီး အပြည့်နီးပါး ဖမ်းသွားကြတယ်။ အဲ့မှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေ အများစု အလုပ်လုပ်တဲ့ နေရာလည်းဖြစ်တယ်”ဟု ဂျာလန်းအာလော့တွင် နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများသည် အထောက်ထားစာရွတ်စာတမ်း အပြည့်စုံနှင့် ဒုက္ခသည်ခိုလှုံခွင့် UN ကတ်များ ကိုင်ဆောင်ထားသူ အများစုဖြစ်ပြီး ၎င်းတို့ကို ကွာလမ်လာပူမြို့ ဂျလန်ဒူတာ လဝကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန်အတွက် ကွာလမ်လာပူမြို့ ဘူကစ်ဘင်တန်တွင် တည်ရှိသည့် ကချင်ဒုက္ခသည်ကော်မတီ(KRC) ရုံးကို ဧရာဝတီတိုင်းမ်က ဖုန်းဖြင့် အကြိမ်ကြိမ်ခေါ်ဆိုသော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။
ယမန်နေ့ ဖမ်းဆီးသည့်နေရာတွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာ အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အယောက် ၇၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။
#မလေးရှား #မြန်မာနိုင်ငံသားများ #အနှိပ်ခန်း #အာဏာပိုင်များ#ဝင်ရောက်စီးနင်း
#Ayeyarwaddy_Times