ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ရက်

သံတွဲမြို့နယ်ရှိ ကျောက်ဆိပ်ရွာနှင့် ပဒဲကောရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ဦးနှင့်အထက် ဒဏ်ရာရ
စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၁၀ရက်နေ့ ညပိုင်းက ကျောက်ဆိပ်ရွာကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး တစ်ဦးသေဆုံးပြီး လူ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“သံတွဲထောင်ထဲက လက်နက်ကြီးစခန်းချထားတဲ့နေရာကနေ ရွာတွေကို လက်နက်ကြီး နဲ့ပစ်နေတာ။ မနေ့ညကတော့ ကူးတို့ဆိပ်ကို တစ်လုံးကျတာ အတော်ထိကုန်ပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ ဇူလိုင် ၁၁ရက်နေ့တွင်လည်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီး ပဒဲကောရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက သံတွဲရှိ ဘားတောင်းတောင်၊ သူခိုးစမ်းတောင်နှင့် သံတွဲထောင်အတွင်း လက်နက်ကြီးများ တပ်ဆင်စခန်းချထားပြီး အနီးဝန်းကျင်ရှိရွာများကို လက်နက်ကြီးများ ဖြင့် နေ့စဉ်ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေအနီးတဝိုက်နှင့် လင်းသာရွာ၊ ဂျိတ္တောရွာအနီးတို့တွင် စစ်ကောင်စီနှင့် AAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားရာနေရာများသို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ရေကြောင်းမှတဆင့် အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သော သံတွဲမြို့သိမ်းတိုက်ပွဲသည် အခြား တိုက်ပွဲများထက်ပြင်းထန်ပြီး ခက်ခဲကြောင်း အာရက္ခတပ်တော် (AA) က ဆိုထားသည်။

#သံတွဲ #ကျောက်ဆိပ်ရွာ #ပဒဲကောရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #လူထိခိုက်သေဆုံး #Ayeyarwaddy_Times