
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နေ့လည် ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဂျက်ဖိုက်တာ သုံးစီးနှင့် လေကြောင်းတိုက်ခိုက်မူ ရှစ်ကြိမ်ပြုလုပ်ကာ ဗုံးအလုံးရေ ၁၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ ညနေ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်သောကြောင့် အရပ်သားများ ထိခိုက်မှုမရှိသော်လည်း စစ်ဘေးရှောင် နေအိမ်အချို့ ပျက်စီးသွားကြောင်းသိရသည်။
“နေ့လည်က လေကြောင်း တိုက်ခိုက်တာလည်း မင်းတပ်မြို့အနောက်ဘက်ခြမ်း၊ ညနေပိုင်းမှာလည်း လက်နက်ကြီး ငါးလုံး ထပ်ပစ်တယ်။ လေကြောင်းတိုက်ခိုက်လို့ ထိခိုက်မှုမရှိပေမယ့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင် နေအိမ်တချို့ ပျက်စီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုရက်ပိုင်း စစ်ကောင်စီတပ်မှ မင်းတပ်မြို့အနီးအနားရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက်ကြရန် ၎င်းက တိုက်တွန်းထားသည်။
ဇူလိုင်လ ၈ ရက်ကလည်း တိုက်နယ် ၃ ဘက်ရှိ မွီတွီကျေးရွာ ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇွန်လက ရဟတ်ယာဥ်ဖြင့် တပ်အင်အားဖြည့်တင်းပြီး မြို့တွင်း ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
#မင်းတပ်မြို့ #အနောက်ဘက်ခြမ်း #စစ်
ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times