ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်လာပြီး ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ ၁ ရက်တည်းတွင်ပင် ဝမ်းရောဂါကြောင့် ဆေးရုံတက်ရသူ လူနာသစ် ၁၁၅ ဦးအထိ ရှိလာကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ကာလဝမ်းရောဂါ)ဖြစ်ပွားသူ ၂၂ ဦးအထိရှိလာကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ကာလဝမ်းရောဂါ)ဖြစ်ပွားသူ ခုနစ် ဦး ၊ ဇူလိုင် ၈ ရက်နေ့တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ခြောက်ဦး ၊ ဇူလိုင် ၇ ရက်နေ့တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ နှစ် ဦးရှိခဲ့သည်။

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့တွင်မူ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ဖြစ်ပွားသူ ၂၂ ဦးအထိ ရှိလာ၍ ကာလဝမ်းရောဂါဖြစ်ပွားသူ သုံးဆ ကျော်အထိ စိုးရိမ်ဖွယ် မြင့်တက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဝမ်းပျက်ဝမ်းလျှောရောဂါစတင်ဖြစ်ပွားသည့် ဒေါပုံမြို့နယ်တွင် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ကြောင်းနှင့် သာကေတမြို့နယ်တွင် ရောဂါကူးစက်ဖြစ်ပွားမှု စတင် လျော့ကျလာကြောင်း ထုတ်ပြန်ထားသော်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနှုန်းမှာ ပိုမိုမြင့်တက်နေပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ဖြစ်ပွားမှုနှုန်းမှာလည်း အဆမတန် များလာသည်။

“ရပ်ကွက်ထဲက အသုပ်ဆိုင်တွေကိုတော့ ၁၂ ရက်နေ့အထိ ပိတ်ခိုင်းထားလို့ ပိတ်ထားလည်း ဝမ်းရောဂါတွေ ဖြစ်တယ်ဆိုပြီး ကြားနေရတုန်းပဲ။ ဒေါပုံမှာလည်း ဆက်ဖြစ်နေတယ်လို့ ပြောကြတယ်။ သေတာတော့ ခုထိ မကြားဘူး။ အိမ်မှာလည်း ဓာတ်ဆားတော့ ဆောင်ထားတယ်။ ဓာတ်ဆားက တစ်ထုပ် ၅၀၀ ဆိုတော့ စျေးတက်တာမရှိသေးဘူး” ဟု သာကေတမြို့နယ် (၇) ရပ်ကွက်ရှိ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားသူ အရေအတွက်ကိုသာ ထုတ်ပြန်လျက်ရှိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည့် မြို့နယ် ရပ်ကွက်များကိုမူ အသိပေးဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကာလဝမ်းရောဂါ အပါအဝင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၃၄၆ ဦးအထိ ရှိခဲ့ပြီး ၂၁၇ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် အမြန်ဆုံး ကုသပေးရမည့် ရောဂါဖြစ်ပြီး အနီးပတ်ဝန်းကျင်က လူမှုဝန်းကျင် တစ်ခုလုံးကို ကူးစက်ထိခိုက်ဒုက္ခရောက်နိုင်သောကြောင့် စနစ်တကျကိုင်တွယ် ကုသကာ “ကျန်းမာရေးသတိပေးပြန်ကြားရမည့်ရောဂါ ” ဖြစ်ကြောင်း ဧရာ၀တီတိုင်မ်း သတင်းဌာန၏ ကျန်းမာရေးဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက ဆိုထားသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ကာလဝမ်းရောဂါ)သည် ရောဂါပိုးပါသောရေကို သောက်သုံးခြင်း၊ အစားအစာကို စားမိခြင်း၊ ရောဂါပိုးရှိနေသည့် လူနာ၏ မစင်၊ အန်ဖတ် နှင့် ၎င်းအရာများပေနေသော အရာ၀တ္တုကို ကိုင်တွယ်မိခြင်း ၊ အဆိုပါရောဂါဖြင့် သေဆုံးသူကို ထိတွေ့မိခြင်းကြောင့် ကူးစက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ပုံစာ-မြောက်ဒဂုံစျေးတစ်ခုတွင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးနေစဉ်

#ရန်ကုန် #၁ရက်အတွင်း #ဝမ်းပျက်ဝမ်းလျှောရောဂါ #ဆေးရုံတက်ရသူ #၁၁၅ဦးရှိလာ #ကာလဝမ်းရောဂါ #သုံးဆကျော်မြင့်တက် #Ayeyarwaddy_Times