
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၀ရက်နေ့က မောင်တောမြို့နယ်ရှိ ရွှေဇားရွာအနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်း မှ နေ၍ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AAက စစ်ကောင်စီစစ်ကူပို့နိုင်မည့်လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီအနေဖြင့် လေကြောင်းကို အဓိကထား၍ တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရွှေဇားတံတားကင်းစခန်းနားမှာ တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ကြပြီးတော့ စစ်တပ်ဘက်က လေယာဉ်နဲ့ပါလာချတယ်။ မြို့ထဲမှာတော့ မူဆလင်အများစုပိတ်မိ နေတုန်းပဲ။ ရှေ့လက တပ်တော်က မူဆလင် ၁၀၀၀ ကျော်ကို နေရာရွှေ့ပေး သေးတယ်။ ဒါပေမယ့် မြို့ပေါ် ကျန်တဲ့သူတွေရှိနေတုန်းပဲ။ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပဲ ဖြစ်နေတာ” ဟု မောင်တောဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့ သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း AA က မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
AA သည် အမှတ်(၂) နယ်ခြားစောင့်တပ်စခန်း (နခခ-၂) ကို ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ နခခ-၂ တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သား များအနေဖြင့် ဇွန် ၁၆ ရက်၊ ည ၉ နာရီက စတင်၍ မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် အလေးအနက် အသိပေးကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ဒေသခံများထွက်ခွာရန် သတိပေးအကြောင်းကြား ပြီးနောက် AA က စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း အများစုကို သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ-အာရက္ခတပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဉ် (ပုံဟောင်း)
#မောင်တော #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times