ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
ပုံမှန်ကုန်းလမ်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရသဖြင့် စစ်ကောင်စီ သည် မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကွန်တိန်နာစနစ်ဖြင့် လုပ်ငန်းစတင်နေကြောင်း သိရသည်။
ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကွန်တိန်နာစနစ်အဖြစ် GOLD SHIPPING AGENCY SERVICES LIMITED မှ သင်္ဘော MV. Beypore Sultan သည် ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့က ရန်ကုန် ဆိပ်ကမ်းမှ ပြောင်းဆန်များတင်၍ ဇူလိုင် ၈ ရက်နေ့တွင် ကော့သောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘောအပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများ သယ်ဆောင်၍ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း အသစ်ဖြင့် ဆောင်ရွက်နိုင်ပြီး ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် စစ်ကောင်စီနှင့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ခိုက်မှုများရှိခြင်း၊ မိုးရာသီ တောလမ်းခရီးများ ပျက်စီးခြင်းကြောင့် ကုန်သွယ်မှုရပ်ဆိုင်းလျက်ရှိသည်။
ဓာတ်ပုံ – စီးပွားကူးသန်း
#နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် #မြန်မာထိုင်း #ရေလမ်းကြောင်းကွန်တင်နာ
#Ayeyarwaddy_Times