နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
စစ်ကောင်စီသည် ၎င်းတို့အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံဆေးခန်းပေါင်း ၃၆၀ နီးပါးကို တိုက်ခိုက်ဖျက်ဆီး၍ ကျန်းမာရေးဝန်ထမ်း ၁၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေး ဝန်ကြီးဌာနထံက သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေး ဝန်ကြီးဌာနသည် ယမန်နေ့ ဇူလိုင် ၁၀ ရက်က လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန (MoHADM) နှင့် ပူးပေါင်း၍ “ပြည်သူ့အစိုးရ၏ လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ” သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။
“အကြမ်းဖက် စစ်တပ်ဟာ ပြည်သူကို ရန်သူလို သဘောထားပြီး သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့နေနေသာသာ ကျန်းမာရေး စောင့်ရှောက်မှု ပေးရမယ့် ဆေးတွေ၊ ကာကွယ်ဆေးတွေ၊ ပစ္စည်းတွေကို သုံးပြီး ပြည်သူကို မရအောင်၊ မကျန်းမာအောင်၊ သေအောင်လုပ်နေတာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ပြီး ဆေးရုံဆေးခန်းပေါင်း ၃၅၉ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို ကျန်းမာရေးလုပ်သား ၁၁၃ ဦးအား သတ်ဖြတ်ခဲ့၍ ကျန်းမာရေးလုပ်သား ၁၂၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ မြေပြင်တွင် ထိုအရေအတွက်ထက် ပိုမိုများနိုင်ကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးလုပ်ငန်းများ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူသားစာနာအရေး စသည့်အခန်းကဏ္ဍများ ထိခိုက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်၌ပင် မြန်မာနိုင်ငံသည် ကလေးကာကွယ်ဆေး လုံးဝ(တစ်ကြိမ်မျှ) မရရှိသော ကလေးဦးရေ ဒုတိယအများဆုံး နိုင်ငံ ဖြစ်လာကာ တိုင်းပြည် GDP လည်း ၁၈ ရာခိုင်နှုန်း ခန့် လျော့ကျခဲ့ကြောင်း သိရသည်။
ထို့အပြင် လူသားစာနာမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ကျန်းမာရေး လိုအပ်ချက် များလည်း မြင့်မားလာခဲ့သလို တစ်နိုင်ငံလုံး အတိုင်းအနေဖြင့် စစ်ဘေးရှောင်ပြည်သူ သုံးသန်းခန့်ရှိကာ နေရပ်စွန့်ခွာရသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လက်ရှိတွင် ၁ ဒသမ ၇ သန်းရှိ၍ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခံရသော အိမ်ခြေပေါင်း ၇၅,၀၀၀ ရှိကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနထံက သိရသည်။
မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျန်းမာရေးဝန်ထမ်း CDM များသည် အာဏာသိမ်းမှုကို ရဲရင့်စွာ တွန်းလှန်ရုံသာမက မရှိမဖြစ် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ပြည်သူလူထုအတွက် သက်စွန့်ဆံဖျား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲ၍ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော CDM ကျန်းမာရေးဝန်ထမ်းသည် ၄၅,၂၀၃ ဦးခန့်ရှိကြောင်း သိရသည်။
တစ်ဖက်တွင်လည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် NUG အစိုးရ စိုးမိုးထိန်းချုပ်နိုင်သည့် နယ်မြေဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်ချက်များလည်း ပိုမိုများပြားလာခဲ့ပြီး စိန်ခေါ်မှုများ အနေဖြင့် ကျန်းမာရေးဌာန အဆောက်အဦများကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်ခြင်း၊ စစ်ကောင်စီက စစ်ကြောင်းထိုးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
ယင်းအပြင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို ချိတ်ပိတ်၍ လုပ်ငန်းလိုင်စင် သိမ်းဆည်းခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ဖြတ်တောက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သယ်ဆောင်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ စိတ်ကျန်းမာရေး ပြဿနာများ ပိုမိုများလာခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားကူးစက်မှုနှုန်း မြင့်မားလာခြင်း၊ ဆက်သွယ်ရေး အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်းတို့ကြောင့် အချိန်မီအချက်အလက်များ ရရှိရန် ခက်ခဲလာကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနထံက သိရသည်။
ပုံစာ-စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်၍ တာမွေရဲစခန်းရှေ့တွင် ၂၀၂၁ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားသည့် ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်း (ပုံဟောင်း)
#စစ်ကောင်စီ #ဆေးရုံဆေးခန်းပေါင်း၃၆၀ #တိုက်ခိုက်ဖျက်ဆီး #ကျန်းမာရေးဝန်ထမ်း၁၁၀ကျော် #သတ်ဖြတ် #Ayeyarwaddy_Times