
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၁၀ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီစခန်းများဖြစ်သည့် မိုင်တိုင်(၅)စခန်း နှင့် ယောမူးစခန်းတို့ကို ယမန်နေ့ ဇူလိုင် ၉ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များရှိ နေကြောင်း သိရသည်။
စစ်ကောင်စီတပ် စခန်းတချို့သိမ်းပိုက်ခံခဲ့ရပြီး နောက် ယနေ့ ဇူလိုင် ၁၀ရက် နေ့က စည်ပင်သာယာရပ်ကွက်၊ မင်းတံတားရပ်ကွက်များတွင် နံနက် အစောပိုင်းမှစတင်ကာ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲနေကြောင်း ဒေသခံများထံက သိရသည်။
“စစ်တပ်က ပစ်တာ ဖြစ်ဖို့များပါတယ်ဗျ။ မင်းတံတား မိုးကုတ်အရှေ့ပိုင်းမြို့အဝင်မှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတော့ ဗျူဟာကနေ လှမ်းထုနေတာပါ။ အဲ့ဒါကြောင့် စည်ပင် သာယာရပ်တို့ မင်းတံတားက ရပ်ကွက်တချို့ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ တာပါ။ ကျွန်တော်ကတော့ ခန့်မှန်းပြောတာပါ” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျ ရောက်ပါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသည့် ဒေသခံအမျိုးသမီး၊ အမျိုးသားများရှိနေပြီး သေဆုံးသူများလည်းရှိကြောင်း သိရသော်လည်း သေဆုံးမှုကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့ပြင် မိုးကုတ်တိုက်ပွဲကြောင့် မန္တလေးသို့ စစ်ဘေးရှောင်တိမ်းနေသည့် မိုးကုတ် ဒေသခံများမှာ သပိတ်ကျင်းမြို့နယ်တွင် ကာလကြာရှည်ပိတ်မိနေပြီးနောက် ယမန်နေ့ ဇူလိုင် ၉ ရက်နေ့တွင် ထွက်ခွာခွင့် ရရှိခဲ့သော်လည်း စဉ့်ကူးမြို့နယ်ရှိ လက်ပံလှ၊ ရွှေပြည်ရွာများတွင် ထပ်မံ ပိတ်မိနေကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိပြီဖြစ်ကာ မိုးကုတ်အနောက်ပိုင်း ကြပ်ပြင် ကို TNLA၊ PDF-မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီး ယခုအခါ မိုးကုတ်မြို့အရှေ့ပိုင်း ရှိ စစ်ကောင်စီ စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေ ကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးကုတ် #အရှေ့ပိုင်း #စစ်ကောင်စီ #TNLA #တိုက်ပွဲ #လက်နက်ကြီးကျရောက်ပေါက်ကွဲ #Ayeyarwaddy_Times