
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျပေါက်ကွဲ၍ ကလေး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၉ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ကလေးမြို့ အခြေစိုက် တပ်ရင်းတစ်ခုမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် လက်ပံချောင်းကျေးရွာရှိ ဘော်ဒါဆောင်အနားတွင် ကျပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီးကျည် တစ်လုံး ရွာထဲက ဘော်ဒါဆောင်အနားမှာ ကျပေါက်ကွဲသွားတာဖြစ်တယ်။ အဲ့ဒီ ဘော်ဒါဆောင် ဘေးအိမ်အနားမှာ စာသင်နေကြတဲ့ ကလေးတွေက ထိခိုက်ဒဏ်ရာရကြတာဖြစ်ပါတယ်။ အသက်အန္တရယ် စိုးရိမ်စရာမရှိပေမယ့် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ ကလေး လူနာတွေပါတယ်။”ဟု လက်ပံချောင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် ကလေးငယ်များသည် အသက် ၁၆ နှစ်အောက် ကလေးငယ်များဖြစ်ပြီး ၎င်းတို့သည် ဗိုက်၊ နဖူး၊ ပခုံး၊ ခြေ၊ လက် စသည့်နေရာများတွင် ကျည်စများ ထိမှန်ပြီး ဒဏ်ရာများရရှိကာ ဆေးကုသမူ ခံယူနေရကြောင်း သိရသည်။
လက်ပံချောင်းကျေးရွာသည် ကလေးမြို့နှင့် ၁၀ မိုင်ခန့်ဝေးပြီး ချင်းလူမျိုးများအများစုနေထိုင်သည့် ကျေးရွာဖြစ်ကာ အိမ်ခြေ နှစ်ထောင်ကျော်ခန့်ရှိသည်။
ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း အရပ်သားများနေထိုင်သည့် ကျေးရွာများကို ယခုကဲ့သို့ လက်နက်ကြီးကျည် ရမ်းသန်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ မကြာခဏ ပြုလုပ်လျက်ရှိသည်။
ဇူလိုင်လ ၅ ရက်နေ့ကလည်း အောင်မြင်သာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် နန်းချောင်းကျေးရွာမှ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။
ပုံစာ- ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းကျေးရွာကို တွေ့ရစဥ်။
#ကလေးမြို့နယ် #စစ်ကောင်စီ #ပစ်ခတ်သည့် #လက်နက်ကြီးကျည် #ကလေး၆ဦးဒဏ်ရာရ
#Ayeyarwaddy_Times