ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှ စစ်ကောင် စီ၏ ခလရ-၅၅ တပ်ရင်းအတွင်းမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် (AA)တို့သည် သံတွဲမြို့ လင်းသာကမ်းခြေအနီးတွင် ယမန်နေ့ ဇူလိုင် ၉ ရက်နေ့နံနက်ပိုင်းက စတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ငပလီမှဆုတ်ခွာလာသည့် စစ်ကောင်စီ၏ ခလရ ၅၅၊ ခမရ ၅၆၆ အပြင် စစ်ကောင်စီသင်တန်းပေးထားသည့် စစ်သင်တန်းဆင်းများနှင့် AA တို့သည် ဂျိတ္တောရပ်ကွက်တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့်နေရာများအပြင်ငပလီကမ်းခြေ ဟိုတယ်ဇုန်အနီး ရွှေကျောင်းပြင်ရွာ သံတွဲမြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှပစ်ခတ် တိုက်ခိုက်နေပြီး သံတွဲထောင်အတွင်း တပ်စွဲထား သည့်နေရာမှလည်း ‌လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် လင်းသာ၊ ဂျိ‌တ္တောနှင့် ငပလီ သံတွဲမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် လူနေအိမ်များ ထိခိုက်ပျက်စီးပြီး လူသေပျောက်မှု များရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့မှစ၍ AAမှ သံတွဲမြို့သိမ်း တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိတွင် သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို ပိတ်ဆို့ထားပြီး ထွက် ပြေးလွတ်မြောက်နေသည့် တပ်ဖွဲ့ဝင်များကိုပါ လိုက် လံတိုက်ခိုက်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“စစ်ကောင်စီတွေ မြို့ထဲမှာပိတ်မိနေပြီး သူတို့တပ်စွဲ ထားတဲ့ အံတော်တံတား အကျဉ်းထောင်နဲ့ နံတော် တောင်အနီးမှာရှိတဲ့ တံတားတွေမှာပါ မိုင်းတွေထောင်ထားတယ်။ မြို့ထဲမှာ ပိတ်မိနေသူ ထောင်ကျော်ကျန် နေသေးတယ်။ AAကတော့ လူတွေမိုင်းနင်းမိမှာစိုးပြီး အသွားအလာသတိထားကြဖို့ သတိပေးထား တယ်။ စစ်ကောင်စီက ငပလီအထွက်လမ်း တောင်ကုတ်မြို့ ပေါ်ကို ဝင်တဲ့လမ်းတွေကိုပါ ပိတ်ထားတယ်”ဟုသံတွဲ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီက တပ်မ ၁၀၁ မှ တပ်ရင်း ၁၀ ရင်းလုံးအပြင် ဧရာဝတီအခြေစိုက်တပ် ရင်းများ မိတ္ထီလာနှင့် မော်လိုက်မှတပ်ရင်းများ အပြင် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါ အသုံးပြု ထားကြောင်း သိရသည်။

#ရခိုင် #သံတွဲ #ငပလီ #စစ်ကောင်စီ #ခလရ၅၅ #စခန်းစွန့်ခွာထွက်ပြေး #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times